Tuesday, October 30, 2018

ကမာရွတ်မြို့နယ်တွင် ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ကျောက်မျက်ရတနာများကို ခိုးယူသူနှင့် ဆက်စပ်ပါဝင်သူတို့အား ဖမ်းဆီးရမိ


ကမာရွတ်မြို့နယ်တွင် ယာဉ်တစ်စီးပေါ်၌ ထားရှိသည့် ကျပ်သိန်း ၆၀၀၀ ကျော် တန်ဖိုးရှိ ကျောက်မျက်ရတနာနှင့် ရွှေထည်များ ခိုးယူခဲ့သူနှင့် ဆက်စပ်ပါဝင်သူတို့အား ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။ 
အမှုဖြစ်စဉ်မှာ လမ်းမတော်မြို့နယ်တွင် နေထိုင်သည့် ဒေါ်…. သည် အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က ကမာရွတ်မြို့နယ်ရှိ နိုဗိုတယ်ဟိုတယ်တွင် သူငယ်ချင်းဖြစ်သူနှင့် သွားရောက် တွေ့ဆုံနေစဉ် ၎င်းနှင့်အတူ ပါလာသည့် အိမ်အကူ အမျိုးသမီးအား နေအိမ်တွင် ထားရှိသည့် ကျောက်မျက်ရတနာ ပစ္စည်းများအား ပြန်လည်ယူဆောင်ရန် ယာဉ်မောင်း ကျော်သူရဆိုသူနှင့်အတူ စေလွှတ်ခဲ့ကြောင်း၊ ထိုသို့စေလွှတ်ခဲ့သဖြင့် အိမ်အကူ အမျိုးသမီးက ပစ္စည်းများကို ယူဆောင်ကာ ဟိုတယ်သို့ ပြန်လည် ရောက်ရှိလာပြီးနောက် ဒေါ်…. မှာ အဆိုပါပစ္စည်းများကို ယာဉ်ပေါ်တွင် ပြန်ထားရန် အိမ်အကူအမျိုးသမီးကို ထပ်မံပြောဆိုခဲ့ကြောင်း သိရသည်။ 

ထို့နောက် အိမ်အကူအမျိုးသမီးက ပစ္စည်းများကို ယာဉ်ပေါ်တွင်ထားကာ ပြန်လာခဲ့ကြောင်း၊ ယင်းနောက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဟိုတယ်မှပြန်ရန် မော်တော်ယာဉ်ရှိရာသို့ ပြန်လာရာ အဆိုပါနေရာ၌ ယာဉ်ကိုသာ တွေ့ရှိခဲ့ပြီး ယာဉ်မောင်း ကျော်သူရနှင့် ကျောက်မျက်ရတနာများ ထည့်ထားသည့်အိတ်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ 

ပျောက်ဆုံးခဲ့သည့် ကျောက်မျက်ရတနာများ ထည့်ထားသည့် အိတ်အတွင်း၌ နီလာတစ်တန်းပါ ရွှေဆွဲကြိုးသုံးကုံး၊ ပတ္တမြားတစ်တန်းပါ ရွှေဆွဲကြိုးတစ်ကုံး၊ ပတ္တမြားနှင့် စိန်ကြိုးနှစ်တန်းသွား ကြိုးတစ်ကုံး၊ နားဆွဲတစ်ရံ၊ ပတ္တမြားသုံးထုပ်၊ ကျောက်အနီရောင်တစ်ထုပ်၊ Spinelကျောက် Hot Pink တစ်ထုပ်၊ Spinel ကျောက်တစ်ပွင့်၊ စိန်လက်ကောက် တစ်ကွင်း၊ စိန်အကြွေလေးထုပ်တို့ ပါရှိသွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ယင်းသို့ခိုးယူခံခဲ့ရသဖြင့် အဆိုပါဖြစ်စဉ်ကို ဒေါ်…. က ကမာရွတ်မြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ) ၇၄၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်ကာ ခိုးယူသွားသူကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

“ယာဉ်မောင်းနေထိုင်တဲ့နေရာကို စုံစမ်းတော့ သူက စမ်းချောင်းမြို့နယ်ထဲမှာ နေတယ်လို့ သိရတယ်။ သွားပြီးဖမ်းဆီးတော့ အဲဒီမှာမရှိဘူး။ ဆက်လက်ရှာဖွေ ဖမ်းဆီးခဲ့ရာမှာ ယာဉ်မောင်းဖြစ်တဲ့ ကျော်သူရကို ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက်ထဲမှာ ကျောပိုးအိတ် တစ်လုံးနဲ့အတူ ၂၈ ရက်နေ့ ညပိုင်းမှာ ဖမ်းမိတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

ကျော်သူရအား စစ်ဆေးရာ အဆိုပါ ပစ္စည်းများအား ခိုးယူပြီး ၎င်းနှင့်ခင်မင်ရင်းနှီးသည့် ပန်းတိမ်ဆရာ အောင်သူမျိုးဆိုသူနှင့် တွေ့ဆုံကာ ၎င်းခိုးယူခဲ့သည့် ကျောက်မျက် ရတနာများအနက် ဆွဲကြိုးလေးကုံးကို ကျောက်များထုတ်၍ ရွှေများအား အရည်ကြိုပြီး အတုံး ပြုလုပ်ခဲ့ကြောင်း၊ စိန်ထုပ်တစ်ထုပ်ကို ရောင်း ချခဲ့ကြောင်း၊ ကျောက်နီနှစ်ပွင့်ကို လက်စွပ် လုပ်ရန်အတွက် အပ်နှံခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါဖြစ်စဉ်တွင် ဆက်စပ်ပါဝင်သူ အောင်သူမျိုးကို အောက်တိုဘာ ၂၈ ရက် ည ၁၁ နာရီခန့်တွင် ကြည့်မြင်တိုင်မြို့နယ်ရှိ ၎င်းနေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 


သန့်ဇင်ကျော်
Eleven Media Group 

0 comments:

Post a Comment