Tuesday, October 30, 2018

ပြင်ဦးလွင်မီးပုံးပျံပွဲလေလံကြေး ယခင်နှစ်ထက် ကျပ်သိန်းနှစ်ရာနီးပါးပိုရ

ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဘုရားအနီးကျင်းပမည့် မီးပုံးပျံပွဲတော် လေလံကြေး ကျပ်သိန်း ၉၇၀ ရရှိသဖြင့် ယခင်နှစ်ကထက် ကျပ်သိန်း ၁၇၀ ပိုများခဲ့ကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၊ အတွင်းရေးမှူး ဦးကျော်ဌေးကိုက ပြောကြားသည်။ 
“လေလံရထားတဲ့သူတွေအနေနဲ့ ယာဉ်ရပ်နားခပိုကောက်တာ၊ ဆိုင်ခန်းခပိုကောက်တာမျိုးအတွက် အရေးယူဖို့ရှိပါတယ်” ဟု ၎င်းက ပြောဆိုသည်။ 

ယခင်နှစ်က ပွဲတော်တစ်ခုလုံးအတွက် လေလံပေးခဲ့ပြီး ယခုနှစ်တွင် ဆိုင်ခန်းခကောက်ယူသည့်လုပ်ငန်း၊ ရေ၊ လျှပ်စစ်မီး၊ မိလ္လာလုပ်ငန်းနှင့် ယာဉ်ရပ်နားခ ကောက်ယူသည့်လုပ်ငန်းဟု ခွဲခြားကာ လေလံပေးခြင်းကြောင့် ယခုကဲ့သို့ ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ လေလံအောင်မြင်သူများထံမှ အာမခံငွေကောက်ယူထားပြီး စည်းကမ်းမလိုက်နာပါက အဆိုပါ အာမခံငွေကို ဒဏ်ငွေအဖြစ်သိမ်းမည်ဖြစ်ကြောင်း မဟာအံ့ထူးကံသာဘုရား ဂေါပကအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးမျိုးကြိုင်က ဖြည့်စွက်ပြောကြားသည်။ 

အာမခံငွေအဖြစ် ဆိုင်ခန်းခကောက်ယူသည့်လုပ်ငန်းနှင့် ရေ၊ လျှပ်စစ်မီး၊ မိလ္လာလုပ်ငန်းတို့အတွက် လေလံအောင်မြင်သည့်ငွေကြေး၏ ၁၀ ရာခိုင်နှုန်း၊ ယာဉ်ရပ်နားခကောက်ယူသည့်လုပ်ငန်းအတွက် ၂၀ ရာခိုင်နှုန်း ကောက်ခံထားကြောင်း ၎င်းကရှင်းပြသည်။ 

ပွဲတော်သို့လာရောက်လည်ပတ်သူများ အဆင်ပြေစေရန်အတွက် ယာဉ်ရပ်နားခနှုန်းထား သတ်မှတ်ပေးမည်ဖြစ်ပြီး အစားအစာရောင်းချရာတွင် ဆိုင်ရှေ့၌ ဈေးနှုန်းများ ကပ်ထားပေးရမည်ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်သည့် မီးပုံးပျံများကြောင့် ပွဲတော်လာပြည်သူများ အန္တရာယ်မဖြစ်စေရန်နှင့် ယာဉ်ကြောမရှုပ်ထွေးစေရန် ယာဉ်ရပ်နားစခန်းများ တိုးချဲ့လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။ 

“ဆိုင်ခန်းအရေအတွက်က ၃၀၀ ဝန်းကျင်ပါ။ လက်ရှိမှာက ပြိုင်ပွဲကျင်းပမယ့်ရက်ဝေးနေသေးတော့ ပြိုင်ပွဲဝင်မီးပုံး ပျံဈေးနှုန်းတွေ မသိနိုင်သေးဘူး။ ပြိင်ပွဲဝင်စာရင်းတွေကလည်း နိုဝင်ဘာ ၁၀ ရက်နေ့မှ ပိတ်မှာမို့ပါ” ဟု ဦးမျိုးကြိုင်က ထပ်မံပြောဆိုသည်။ 

ယင်းပွဲတော်တွင် ဓာတ်ပုံပြိုင်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ ဆီမီး ၉၀၀၀ ပူဇော်ပွဲ၊ အဝေးထိန်းလေယာဉ်ငယ်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်နှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများပါဝင်မည်ဖြစ်သည်။ 

အဆိုပါပွဲတော်ကို တန်ဆောင်မုန်းလဆန်း ၁၂ ရက် (နိုဝင်ဘာလ ၁၉) မှ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် (နိုဝင်ဘာလ ၂၃) ရက်အထိ ငါးရက်ကြာကျင်းပမည်ဖြစ်သည်။

The Voice


0 comments:

Post a Comment