Sunday, December 30, 2018

ရတနာပုံတက္ကသိုလ် ကျောင်းသားအချို့ ပါဖောမန့်ပြုလုပ်စဉ် သတင်းထောက်များအား ရိုက်ရန် ဌာနမှူး ဒေါက်တာခင်သက်ကျော်၏ ပြောဆိုမှုမှာ သတင်းသမားများအပေါ် ခြိမ်းခြောက်ရာ ရောက်သဖြင့် ရှေ့နေ၊ သတင်းမီဒီယာ ကောင်စီဝင်များနှင့် သတင်းနယ်ပယ်အသီးသီးက ကန့်ကွက်ရှုတ်ချ



ရတနာပုံတက္ကသိုလ်ကျောင်းသားအချို့ ပါဖောမန့်ပြုလုပ်စဉ် သတင်းထောက်များကို ရိုက်ရန် ဌာနမှူး ဒေါက်တာခင်သက်ကျော်၏ ပြောဆိုမှုမှာ သတင်းသမားများအပေါ် ခြိမ်းခြောက်ရာရောက်သဖြင့် ရှေ့နေ၊ သတင်းမီဒီယာကောင်စီဝင်များနှင့် သတင်းနယ်ပယ် အသီးသီးက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

မန္တလေးရတနာပုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား မောင်စိုးမိုးဟိန်းသည် ဒီဇင်ဘာ ၂၅ ရက်တွင် သူငယ်ချင်းမိန်းကလေးနှင့်အတူ ဂန္ဓာရုံကျောင်းရှေ့ ကန်ပတ်လမ်းဘေးရှိ အုတ်ခုံ၌ စကားထိုင်ပြောနေစဉ် အုပ်စုဖွဲ့လုယက်ခံရပြီး ဓားထိုးခံရခြင်းကြောင့် သေဆုံးသွားခဲ့သည်။
ရတနာပုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားသေဆုံးမှုကြောင့် ကျောင်းဝင်းလုံခြုံရေး တိုးမြှင့်ချထားပေးရန်နှင့် အိမ်သာများ သန့်ရှင်းရေးဝန်ထမ်းများ ခန့်ထားပေးရန် ရတနာပုံတက္ကသိုလ် ကျောင်းသားများက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ပြေလည် မှုမရရှိခဲ့ပေ။
တက္ကသိုလ်ကျောင်းသားတစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂသည် ကျောင်းတွင်းသန့်ရှင်းရေးဝန်ထမ်းများ တိုးမြှင့်ချထားရေး နှင့် လုံခြုံရေး တိုးမြှင့်တာဝန်ယူပေးရန် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန္ဒပြ တောင်းဆိုသော်လည်း တောင်းဆိုမှုများ မရရှိသဖြင့် ကျောင်းသားအချို့သည် ဒီဇင်ဘာ ၂၈ ရက်တွင် ကျောင်းရှေ့၌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဈာပနအခမ်းအနား ပါဖောမန့်ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ပါဖောမန့်ပြုလုပ်စဉ်တွင် ရတနာပုံတက္ကသိုလ် ပါမောက္ခဌာနမှူး ဒေါက်တာခင်သက်ကျော်သည် “သတင်းထောက်တွေ ကိုရိုက်...၊အဲ့မှာ မြှောက်ပင့်ပေးတဲ့ သတင်းထောက်တွေကိုရိုက်၊ အဲဒီသတင်းထောက် တွေကိုရိုက်၊ စပွန်ဆာရလို့ လုပ်စားနေတာ။ ကလေးတွေကို မြှောက်ထိုးပင့်ကော်တဲ့ လမ်းမှားရောက်အောင် လုပ်တဲ့လူတွေရိုက်” ဟူ၍ပြောကြားခဲ့သော ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့လျက်ရှိသည်။
သတင်းမီဒီယာများမှာ ဖြစ်ရပ်မှန်များကို အများပြည်သူသိရှိရန် တင်ပြခြင်းဖြစ်ကြောင်း၊ ယင်းသို့ ပြောကြားမှုမှာ ခြိမ်းခြောက်မှု တစ်ခုပင်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၏ တွဲဖက်အတွင်းရေးမှူး(၂) ဦးသာလွန်ဇောင်းထက်က ပြောကြားသည်။
“သတင်းသမားက သူ့အလုပ်သူလုပ်တာလေ။ သူ့အလုပ်သူလုပ်တာကို သူကဘာဖြစ်လို့ အဲဒီလိုမျိုး သတင်းသမားတွေကို ရိုက် ရိုက်ဆိုတဲ့ သဘောမျိုး ပြောသလဲ။ ကျွန်တော်တို့ထင်တာကတော့ သတင်းမီဒီယာတွေဆိုတာ တကယ့်အဖြစ်မှန်၊ ဖြစ်ပျက်နေတဲ့ အမှန်တရားကို ပြည်သူလူထုကိုပြောဖို့ တာဝန်ထမ်းဆောင်နေတာ။ ‘ရိုက်၊ ရိုက်’ လို့ ပြောတာက သတင်းသမားတွေကို ခြိမ်းခြောက်ရုံတင်မကဘူး၊ အသက်အန္တရာယ် ထိခိုက်အောင်လုပ်တဲ့ လုပ်ရပ်မျိုးလို့ ကျွန်တော်ယူဆတယ်” ဟု ဦးသာလွန်ဇောင်းထက်က ပြောကြားသည်။
မန္တလေးအခြေစိုက် သတင်းမီဒီယာများက ရတနာပုံတက္ကသိုလ် ဒေါက်တာမောင်မောင်နိုင်ကို ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းသမားများ၏ တာဝန်ကို ဟန့်တား၊ ခြိမ်းခြောက်သည့်အပြင် ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်ပြောဆိုခဲ့ခြင်းအပေါ်တာဝန်ယူဖြေရှင်း တောင်းပန်ပေးရန် အသိပေးစာပေးပို့ခဲ့သည်။
သတင်းမီဒီယာများသည် သတင်းဖြစ်ပေါ်ရာ နေရာသို့ ကျင့်ဝတ်နှင့်အညီ သွားရောက်သတင်းရယူခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်သူများနှင့် ပတ်သက်ခြင်း၊ အားပေးအားမြှောက်ပြုလုပ်ခြင်း လုံးဝ(လုံးဝ) မရှိခဲ့ကြောင်း၊ ဌာနမှူး ဒေါ်ခင်သက်ကျော်အနေဖြင့် ယင်းကဲ့သို့ သတင်းထောက်များကို ရိုက်ရန် ပြောကြားမှုအပေါ် မန္တလေး အခြေစိုက် သတင်းမီဒီယာများအနေဖြင့် များစွာစိတ်မကောင်း ဖြစ်မိပြီး ကာယကံရှင်ဆရာမနှင့် ရတနာပုံ တက္ကသိုလ်တာဝန်ရှိသူများအနေဖြင့် ခုနစ်ရက်အတွင်း တရားဝင် ဖြေရှင်းတောင်းပန်ပေးရန်နှင့် တောင်းပန်ခြင်းမပြုလျှင် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများထံသို့လည်းကောင်း၊ ဥပဒေကြောင်း အရလည်းကောင်း ဆက်လက်တိုင်ကြားမည်ဖြစ်ကြောင်း အသိပေးစာတွင် ဖော်ပြထားသည်။
“ကျွန်တော်လည်း ခုနက ရတနာပုံက ဗီဒီယိုဖိုင်လေးကို ကြည့်တယ်။ အာဏာပိုင် အဖွဲ့အစည်းတွေက ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေကို အရေးယူတယ်ပေါ့။ အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်မှာ အော်တဲ့သူတွေကို တရားဥပဒေစိုးမိုးမှုအရ ရဲကအရေးယူရမှာပေါ့ဗျာ။ ကျွန်တော်သာ ဘေးက ရပ်ကြည့်နေမယ်ဆိုရင် ဒါက လက်ခံစရာမရှိပါဘူး။ ဒါက လှုံ့ဆော်တဲ့သဘော သက်ရောက်နေတယ်။ ကျောင်းသားက သူ့အတွေးနဲ့သူ ခံပြင်းပြီး လုပ်တဲ့ဟာကိုတော့ မီဒီယာ ဘာညာအော်တာကတော့ မီဒီယာ ဘက်ပြန်ပြီး ဦးလှည့်သလိုပေါ့ဗျာ” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
လှိုင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “သီအိုရီအရရော၊ လက်တွေ့မှာရော၊ တကယ်လို့ ပဋိပက္ခတစ်ခု တကယ်ဖြစ်လာရင် ပြေငြိမ်းအောင်လို့ ဆောင်ရွက်ရမှာလေ။ အဲဒီလိုဆောင်ရွက်တဲ့ အခြေအနေမှာ တာဝန်ရှိသူပဲဖြစ်ဖြစ်၊ တာဝန်မရှိသူပဲဖြစ်ဖြစ် ပဋိပက္ခတစ်ခုကို မီးလောင်အောင် အောက်ဆီဂျင်ခေါ်တာပေါ့။ အားပေးတာကတော့ ဘယ်သူမှ မလုပ်သင့်ပါဘူး။ အဲဒါက လူ့အသိုင်းအဝိုင်းမှာ မှားယွင်းသော အယူအဆပေါ့လေ။ ကျွန်တော်ကတော့ အဲဒီလိုပဲမြင်ပါတယ်။ အဲဒါက အမှိုက်ကစ ပြာသာဒ်မီးလောင်ဆိုတဲ့ သဘောလေ။ ဒါက လူ့သဘာဝတော့ ရှိပါတယ်။ မီးလောင်ရာ လေပင့်ဆိုတဲ့ လူကတော့ တကယ်တော့ရှိနေတာပေါ့လေ။ တကယ်တော့ မဖြစ်သင့်ဘူးလေ။ ပဋိပက္ခဆိုတာ ကြီးထွားလာတာ မကောင်းဘူး။ လူ့အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် တစ်ဖက်မှာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ပြေလည်အောင်ဖြေရှင်းချင်တာ။ သတင်းမီဒီယာဆိုတာကတော့ သတင်းမီဒီယာ ကျင့်ဝတ်ရှိတယ်။ ကျင့်ဝတ်အတိုင်း သတင်းကို သတင်းအနေနဲ့ယူတာသည် ယူခွင့်ရှိတယ်။ ဒါကိုတော့ ရန်သူလို ရန်ဘက်လို သဘောမထားသင့်ဘူး” ဟု ဆိုသည်။
သတင်းထောက်များကို ရိုက်နှက်ရန် ပြောကြားသော တက္ကသိုလ်ဆရာမ၏ အမြင်တွင် သတင်းမီဒီယာ သမားများသည် မြှောက်ပင့်နေသည်ဟု ထင်ကြောင်း၊ အဆိုပါပြောကြားမှုအပေါ် အစိုးရအဖွဲ့က အရေးယူမည်ဟု မထင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။
“နံပါတ်တစ်က သူဘယ်သူလဲ၊ ဘာလဲ ဆရာလား။ ကြည့်ရတာ သူစိတ်လိုက်မာန်ပါ ပြောတဲ့သဘောဖြစ်မှာပါ။ ဘယ်လိုဘယ်ဝါရယ်လို့ ပြောတာမဟုတ်ဘဲနဲ့ သူတို့စိတ်ထဲမှာ မီဒီယာတွေကို တကယ့်မြှောက်ပေးနေတယ်လို့ တကယ်ထင်နေပုံရတယ်။ သူ့ကိုလည်း အစိုးရအဖွဲ့က အရေးယူမှာလည်း မဟုတ်ပါဘူး။ ဒါမပြောနဲ့ ဇီးပင်ကြီးကိစ္စပြောတဲ့သူဆိုရင် အစိုးရကို တိုက်ရိုက်ထိခိုက်တာပဲ။ တရားစွဲဖို့ မဖြစ်နိုင်ဘူး။ ဒီဟာက ဆရာမတစ်ယောက် စိတ်လိုက်မာန်ပါ ပြောလိုက်တဲ့သဘောပေါ့။ ‘သတင်းထောက်တွေကို ရိုက်၊ ရိုက်’ဆိုပြီး ဒီလိုတော့ မပြောသင့်ဘူး။ အဲဒီအတွက်တော့ ဥပဒေချိုးဖောက်တယ်လို့တော့ ကျွန်တော် မယူဆဘူး။ အစိုးရဘက်ကတော့ အရေးယူမှာ မဟုတ်ဘူး။ အပြောခံရတဲ့ သတင်းထောက်တွေက ကိုယ့်သဘောနဲ့ ကိုယ်အရေးယူချင်တယ်ဆိုရင် တိုင်လို့ရတာပေါ့။ အစိုးရကတော့ ဘယ်လုပ်ပါ့မလဲ။ မီဒီယာက မြှောက်ပေးတယ်လို့တော့ ကျွန်တော်မယူဆဘူး။ ဒါပေမဲ့ အဲဒီလိုယူဆတဲ့လူတော့ ရှိနေတယ်ဗျာ” ဟု ပြောကြားသည်။
‘အသံ’ အဖွဲ့တည်ထောင်သူနှင့် တက်ကြွလှုပ်ရှားသူ လူငယ်ကဗျာဆရာ မောင်ဆောင်းခက “သတင်းမီဒီယာဆိုတာကတော့ ဆန္ဒပြပွဲရှိတယ်ဆိုရင် သွားပြီးသတင်းယူရမှာပါပဲ။ အဲဒီလိုသတင်းယူတာကို ကလေးတွေ လမ်းမှားရောက်အောင် မြှောက်ထိုးပင့်ကော်လုပ်ပါတယ်လို့ ကျောင်းဆရာမတစ်ဦးက အခုလို လက်သီးလက်မောင်းတန်းပြီး အော်နေတာတော့ မကောင်းပါဘူး။ ဆန္ဒပြပွဲ ဖြစ်ပေါ်လာရတဲ့ အဓိက အကြောင်းအရာဖြစ်တဲ့ ကျောင်းလုံခြုံရေးကိစ္စကို ဖြေရှင်းဖို့မကြိုးစားဘဲ သူ့အလုပ်သူလုပ်နေတဲ့ သတင်းမီဒီယာတွေကို အကြောင်းမဲ့သက်သက် တိုက်ခိုက်နေခြင်းဟာ ကျောင်းအာဏာပိုင်တွေရဲ့ ဆန္ဒပြပွဲတွေအပေါ်မှာထားတဲ့ သဘောထားကို ပေါ်လွင်စေပါတယ်။ ဆန္ဒပြပွဲကို သတင်းရယူတာဟာ အဲဒီဆန္ဒပြပွဲကို မြှောက်ပေးတာပဲဆိုတဲ့ အတွေးအခေါ်ကို ကြည့်ခြင်းအားဖြင့် သူဟာအရင်ကတည်းက မီဒီယာသမားတွေအပေါ် ရှုမြင်ထားပုံ လွဲမှားနေတာကို သိနိုင်ပါတယ်။ သူတင်မဟုတ်ပါဘူး၊ နိုင်ငံတော်လစာ ယူထားတဲ့ ဝန်ထမ်းတော်တော်များများကကို အဲဒီလိုထင်မြင်ချက်တွေ ရှိနေတာပါ” ဟု ပြောကြားသည်။
တက္ကသိုလ်ကျောင်းဆရာမတစ်ဦးက သတင်းထောက်များကို ရိုက်နှက်ရန် ပြောကြားမှုသည် အမုန်းစကားပြောကြားမှုဖြစ်ပြီး ယင်းကဲ့သို့ မပြောသင့်ဘဲ ကြားဝင်စေ့စပ် ဆွေးနွေးပေးရမည်ဖြစ်ကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမများကိုယ်စားပြုကော်မတီမှ ဒေါက်တာအာကာမိုးသူက ပြောကြားသည်။
“ဒီစကားက ပြောမယ်ဆိုရင် Hate Speak ပဲ။ ဒီဟာက အကြမ်းဖက်မှုဘက်ကို ရည်ညွှန်းတယ်။ ပဋိပက္ခထဲမှာ ‘ရိုက်’ လို့ ဘာလို့ဆိုတာ မပြောရဘူး။ မပြောသင့်ဘူး။ ကြားဝင်စေ့စပ်တာပဲဖြစ်ရမယ်။ ရပ်တည်တာသည် ကျောင်းသူ ကျောင်းသားတွေ နစ်နာမှုကင်းတဲ့ဟာမျိုးဖြစ်ရမယ်။ ရိုက်ခိုင်းပြီဆိုရင် လက်ပိုက်ကြည့်နေတဲ့ သဘောဆန်တယ်။ ဒါမလုပ်ရဘူး။ ကာကွယ်ရမယ့် သဘောရှိတယ်။ ကိုယ့်ဝင်းထဲ ရောက်လာပြီဆိုရင် ဖြေရှင်းတဲ့နည်းက ကျောင်းကစံပြနမူနာဖြစ်ရမှာ။ ကျောင်းက ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို သက်သေပြနိုင်မယ့် အရည်အချင်းမျိုးတွေကို ကျောင်းကဆောင်ရွက်ပေးရမှာ။ အဲဒီလိုမျိုးမဟုတ်ဘဲ ကြမ်းကြမ်းတမ်းတမ်း လုပ်တဲ့ဟာက တက္ကသိုလ် ပရိဝုဏ်နဲ့မထိုက်တန်ဘူး” ဟု ဆိုသည်။
ရတနာပုံတက္ကသိုလ်တွင် ကျောင်းသား ၂၅၀၀၀ ခန့်နှင့် ဆရာ၊ ဆရာမ ၇၀၀ ကျော်ရှိရာတွင် သန့်ရှင်းရေးဝန်ထမ်းနှင့် လုံခြုံရေးဝန်ထမ်း ၃၀ ခန့်သာရှိကြောင်း သိရသည်။
လက်ရှိတွင် ပါဖောမန့်ပြုလုပ်ခဲ့သည့် ကျောင်းသားသုံးဦးကို ရဲတပ်ဖွဲ့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မအပါအဝင် ပုဒ်မ ငါးခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်အတွင်းသို့ အရပ်ဝတ်များဖြင့် ဝင်ရောက်၍ ကျောင်းသားအခွင့် အရေးတောင်းဆိုနေသော ကျောင်းသားများကို လူမိုက်ဆန်စွာ ဝင်ရာက်ဖမ်းဆီးမှုသည် ကျောင်းသားထုအခွင့်အရေးကို ချိုးဖောက်ဖိနှိပ်၍ ကျောင်းသားထုနှင့် လူထုကို စော်ကားသည့် လုပ်ရပ်ဖြစ်ကြောင်း၊ အာဏာပိုင်များ အနေဖြင့် ပုဒ်မများစွာတပ်၍ မတရားဖမ်းဆီးထားသော ကျောင်းသားများကို အမြန်ဆုံးလွှတ်ပေးရန်နှင့် ကျောင်းသားထု အခွင့်အရေးများကို ချိုးဖောက်ဖိနှိပ်ခြင်းမပြုရန် အလေးအနက် တောင်းဆိုကြောင်းနှင့် တက္ကသိုလ်ပရိဝုဏ်အတွင်း အရပ်ဝတ်ဖြင့် ရမ်းကားစွာဝင် ရောက်ဖမ်းဆီးသည့်လုပ်ရပ်နှင့် ယင်းလုပ်ရပ်ကိုခွင့်ပြုသည့် တာဝန်ရှိသူများကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဒီဇင်ဘာ ၂၉ ရက် တွင် ကြေညာချက်ထုတ်ပြန်သည်။

Eleven Media Group

0 comments:

Post a Comment