နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာသွားရန် အစိုးရ၊ တပ်မတော်တို့နှင့် အလွတ်သဘော ဆွေးနွေးပွဲများ၊ တရားဝင် ဆွေးနွေးပွဲများဖြင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဗဟိုဌာနချုပ်(ဝမ်ဟိုင်း)တွင် ပါတီကွန်ဂရက် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးမှ အချက် ခြောက်ချက်ပါဝင်သည့် ရှေ့လုပ်ငန်းစဉ်များကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ်က တောင်ကြီးမြို့တွင် နိုင်ငံတော်အစိုးရနှင့် ချုပ်ဆိုခဲ့သည့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို အခြေခံကာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှမ်းအချင်းချင်းကြား စည်းလုံးညီညွတ်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကိုလည်း တွေ့ဆုံဆွေးနွေးသည့်နည်းလမ်းဖြင့် အဖြေရှာသွားမည်ဖြစ်ကြောင်း၊ ပြေလည်မှုရရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ်ခွန်ဆိုင်က ပြောကြားသည်။
ထို့ပြင် အဆိုပါအစည်းအဝေးတွင် SSPP ၏ဗဟိုကော်မတီဝင်များနှင့် အရံဗဟိုကော်မတီအချို့ ရွေးကောက်တင်မြှောက်ခြင်းများ ပြုလုပ်ခဲ့ပြီး ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကိုလည်း ခန့်အပ်ခဲ့ကြောင်း ၎င်းကဆိုသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အဖွဲ့သည် “ဝ” ဦးဆောင်သည့် မြောက်ပိုင်း လက်နက်ကိုင်များအဖွဲ့ဖြစ်သော FPNCC ကော်မတီတွင် အဖွဲ့ဝင်အဖြစ် အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့်အဖွဲ့ဖြစ်သည်။
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည် ပြည်လည်ထူထောင်ရေး ကော်စီ (RCSS) နှင့် SSPP အကြား ရှမ်းပြည်မြောက်ပိုင်းဒေသရှိ နမ္မတူ၊ လားရှိုး၊ သီပေါ စသည့်မြို့နယ်များအတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း SSPP အနေနှင့် တအာင်း ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ပူးပေါင်းအဖွဲ့များအနေနှင့် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။
The Voice






0 comments:
Post a Comment