Monday, December 3, 2018

UWSA မှ စစ်သင်တန်းပေးရန် လားဟူအမျိုးသမီး ၂၀ ဦး ဖမ်းဆီးထားဆဲဟု လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ပြော

“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) မှ စစ်သင်တန်း အတင်းအကျပ်ပေးရန်ဆိုကာ ဖမ်းဆီးထားသည့် လားဟူ အမျိုးသမီး ကျမ်းစာသင်ကျောင်းသူ ၂၀ ဦးကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ထံမှ သိရသည်။ 
စက်တင်ဘာလအတွင်းက “ဝ”ဒေသတွင် ကျမ်းစာသင်ကြားနေသည့် လားဟူ ကျောင်းသား၊ ကျောင်းသူ ၄၀ ကျော်ကို UWSA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ခေါ်ဆောင်ခံရသည့် ကျောင်းသား ၂၁ ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ကာ ရှမ်းပြည်နယ် ကျိုင်းတုံမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။ 

လက်ရှိ လွတ်မြောက်လာခဲ့သည့် ၂၁ ဦးသည် ကျောင်းသားများဖြစ်ကြပြီး UWSA က ဖမ်းဆီးထားသည့် ကျောင်းသူ ၂၀ ဦးကျန်ရှိနေသေးကြောင်း၊ အဆိုပါကျောင်းသူများ လွတ်မြောက်ရေးအတွက် UWSA သို့ ဆက်သွယ်ထားသော်လည်း လက်ရှိအချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း လားဟူ နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာလာဇရုက The Voice သို့ ပြောကြားသည်။ 

လက်ရှိလွတ်မြောက်လာသူ ၂၁ ဦး မှာလည်း သုံးလေးဦးတစ်ဖွဲ့ချင်းစီ ထွက်ပြေးလာခဲ့ကြခြင်းဖြစ်ပြီး ပြီးခဲ့သည့်အပတ်က နောက်ဆုံး သုံးဦးထွက်ပြေးလာခဲ့ကြောင်း ၎င်းကဆိုသည်။ 

“ကျန်တဲ့ မိန်းကလေး ၂၀ကို “ဝ”ဒေသမှာ ထိန်းသိမ်းထားဆဲပဲ ရှိသေးတယ်။ ပြန်လွတ်လာသူတွေ ပြောပြတာကတော့ သူတို့ကို စစ်သင်တန်းတွေ ပေးတယ်။ သူတို့တပ်ဖွဲ့ထဲ အတင်းဝင်ခိုင်းတယ်။ သူတို့က ကျမ်းစာသင် ကျောင်းသားတွေ”ဟု ၎င်းကဆိုသည်။ 

ထို့ပြင် အဆိုပါ ဖမ်းဆီးခံရသူများကို “ဝ”ဒေသတွင်ပြုလုပ်မည့် အခမ်းအနားပွဲတော်တစ်ခုတွင် လုပ်အားပေးအနေနှင့် ပြုလုပ်စေရန် ဖမ်းဆီးခဲ့ခြင်းဟုလည်း ကြားသိရကြောင်း ၎င်းကဆိုသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ UWSA ပြည်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ဖမ်းဆီးခံရသည်ကို မကြားမိကြောင်းနှင့် ယခင်က ဖမ်းဆီးထားသူများကို ချက်ချင်းပြန်လွှတ်ကြောင်း ပြောကြားသည်။ 

အဆိုပါ ကျမ်းစာသင်ကျောင်းသူ၊ ကျောင်းသားများကို ဖမ်းဆီးထားခြင်းကို ပြန်လွှတ်ပေးရန် လားဟူနိုင်ငံရေးပါတီ၊ လားဟူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ လားဟူ အမျိုးသမီးအဖွဲ့၊ လားဟူ ဖွံ့ဖြိုးရေးကွန်ရက်စသည့် အဖွဲ့အစည်းများက အစိုးရနှင့် UWSA တို့ထံ နိုဝင်ဘာလအတွင်းက စာပေးပို့တောင်းဆိုခဲ့သည်။ 

“ဝ”ဒေသတွင် ခရစ်ယာန် စာသင်ကျောင်းများ၊ ဘုရားရှိခိုးကျောင်းများ ပိတ်ပစ်ခြင်းများကို UWSA က ဆက်တိုက် လုပ်ဆောင်မှုများပြုလုပ်ခဲ့ပြီး ဘာသာရေးဖိနှိပ်မှု ဖြစ်ပေါ်နေသည်ဟု ဝေဖန်မှုများလည်း ရှိခဲ့သည်။ 
ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှ စတင်ကာ “ဝ” ဒေသတွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၅၀ ကျော်ကို ချိပ်ပိတ်ခဲ့ပြီး ဓမ္မဆရာများ၊ သင်းအုပ်ဆရာတော်များကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ 

စက်တင်ဘာလက UWSA အဖွဲ့က ခရစ်ယာန် ဓမ္မဆရာ ၁၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး အောက်တိုဘာလဆန်းပိုင်းတွင် အဆိုပါ ဖမ်းဆီးထားသူများကို ခံဝန်ကတိများထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း လားဟူ နှစ်ခြင်းခရစ်ယာန်အသင်းထံမှ သိရသည်။

The Voice

0 comments:

Post a Comment