Tuesday, July 23, 2019

မူးယစ်ဆေးပြားပစ်၍ လုပ်ကြံခံခဲ့ရသော ဂန့်ဂေါကျန်းမာရေးဆရာမက ကာမလိမ်လည်မှုဖြင့်တရားစွဲဆိုထားသည့် ဝရိန်မိုးအမှု နှစ်ဖက်လျှောက်လဲချက်ပေးရန် ဇူလိုင် ၂၅ ရက်တွင် ရုံးချိန်းထားဟုဆို

မူးယစ်ဆေးပြားပစ်၍ လုပ်ကြံခံခဲ့ရသော ဂန့်ဂေါမြို့နယ်မှ ကျန်းမာရေးဆရာမက ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားသည့် နေပြည်တော်တိုင်း(မ်)မှုခင်းနှင့် သတင်းတွင် တာဝန်ထမ်းဆောင်သူ ဝရိန်မိုးအမှုနှင့် ပတ်သက်၍ စွဲချက်တင်သင့် မတင်သင့် နှစ်ဘက်လျှောက်လဲချက်ပေးရန် ဇူလိုင် ၂၅ ရက်သို့ ချိန်းဆိုထားကြောင်း ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းမြင့်၏ ပြောကြားချက်အရ သိရသည်။   
“၄၁၇ (ရာဇသတ်ကြီးဥပဒေပုဒ်မ) နဲ့ စွဲထားတာက တရားသူကြီးက ၂၅ ရက်နေ့ကို စွဲချက်တင်သင့် မတင်သင့်အတွက် လျှောက်လဲချက်တင်ဖို့ အမိန့်ချထားပါတယ်” ဟု ဒေါ်သန်းသန်းမြင့်က ပြောကြားသည်။
ကျန်းမာရေးဆရာမက ၎င်းအနေဖြင့် ကနဦးတွင် ဝရိန်မိုးအား မုဒိမ်းမှုဖြင့် တရားမစွဲဘဲ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇ ဖြင့် တရားစွဲခဲ့ရခြင်းအကြောင်းကိုလည်း ရှင်းလင်းပြောကြားသည်။
“ကျွန်မ ဦးဝရိန်မိုးကို ၄၁၇ နဲ့စွဲရခြင်းက အမှန်က ကျွန်မက မုဒိမ်းမှုနဲ့စွဲရမှာပါ။ ကျွန်မဂုဏ်သိက္ခာနဲ့ ဦးဝရိန်မိုးရဲ့ဂုဏ်သိက္ခာကို ငဲ့တွက်ပါလို့ပြောတဲ့အတွက် ကျွန်မနဲ့ ဦးဝရိန်မိုးကို စေ့စပ်ပေးပါတဲ့။ ဦးဒေါ်လာတို့မိသားစု ကနေပြီးတော့ သူ့ဂုဏ်သိက္ခာကို ငဲ့ပါဦး ဆရာမရယ် မတိုင်ပါနဲ့ဆိုလို့ ကျွန်မ မုဒိမ်းမှုနဲ့ မတိုင်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဦးဝရိန်မိုးတို့ကလည်းလာပြီးတော့ တောင်းရမ်းပါမယ်ပြောတဲ့အတွက် မုဒိမ်းမှုနဲ့မတိုင်ခဲ့ရဘဲ ၄၁၇ နဲ့ တိုင်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်” ဟု ဒေါ်သန်းသန်းမြင့်က ဆက်လက်ပြောကြားသည်။
ထို့ပြင် ဝရိန်မိုးနှင့် ဝရိန်မိုးတို့ဘက်က ပြောဆိုထားသည့် အသံဖိုင်များ၊ စာများကို တရားရုံးသို့ သက်သေခံတင်သွင်းထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် နေပြည်တော်တိုင်း(မ်)မှုခင်းနှင့် သတင်းတွင် တာဝန်ထမ်းဆောင်သူ မောင်ဇော် (ပွင့်ဖြူ) ဆိုသူက ၎င်းထံမှ ငွေကျပ်သိန်း နှစ်ဆယ်လိမ်လည်ရယူမှုဖြင့် တရားစွဲထားသည့်အပြင် ဖြစ်စဉ်နှင့်စပ်ဆက်၍ အခြားလေးဦးအားလည်း အမှုဖွင့်ထားသေးကြောင်း၊ မောင်ဇော် (ပွင့်ဖြူ) ဆိုသူမှာ လက်ရှိတွင် အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးဖြစ်ကြောင်း ဒေါ်သန်းသန်းမြင့်က ပြောကြားသည်။
“အခုမောင်ဇော် (ပွင့်ဖြူ) က လိုင်းပေါ်ကနေပြီးတော့ ကျွန်တော် ဘယ်ကိုရောက်နေတယ်။ အခု ကျွန်တော် ရန်ကုန်ကို ရောက်နေတယ်။ အခု ကျွန်တော် မြဝတီမှာ ရောက်နေတယ်။ အခု ကျွန်တော် မကွေးပွင့်ဖြူမှာ ရောက်နေတယ်။ သူက လိုင်းပေါ်မှာပြောနေပါတယ်။ ကျွန်မက ရဲစခန်းကို မောင်ဇော် (ပွင့်ဖြူ) ကို ဖမ်းပေးဖို့အတွက် မောင်ဇော်(ပွင့်ဖြူ) ရောက်ရှိနေတဲ့ နေရာကို လိပ်စာအထိ ပေးခဲ့ပါတယ်။ ပေးတဲ့အခါကျတော့ ရဲတစ်ယောက်က ကျွန်မရှေ့တင် မောင်ဇော် (ပွင့်ဖြူ) ကို ဖုန်းလှမ်းဆက်လိုက်ပါတယ်။ အစ်ကို ရေတဲ့၊ အစ်ကိုဘယ်မှာလဲတဲ့။ အစ်ကို့ဆီကို ကျွန်တော်လာတွေ့မလို့တဲ့။ ဒါ မင်းပြေးတော့လို့ ပြောလိုက်တာနဲ့ တူမနေဘူးလား။ အဲဒါဆို ဒီမောင်ဇော် (ပွင့်ဖြူ) ကို ဘယ်လိုလုပ်ပြီးတော့ ဖမ်းလို့ရမလဲ” ဟု ဒေါ်သန်းသန်းမြင့်က ဆက်လက်ပြောကြားသည်။
ဂန့်ဂေါမြို့နယ် မွှေ့လယ်ရွာတွင် ကျန်းမာရေးဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်သန်းသန်းမြင့်သည် မြို့နယ်တရားရုံးတွင် ဝရိန်မိုးကို တရားစွဲဆိုထားသည့်အမှု အပါအဝင် အမှုများအတွက် သွားရောက်၍ တရားရင်ဆိုင်စဉ် အပြန်တွင် မူးယစ်ဆေးဝါးပစ်၍ လုပ်ကြံခံခဲ့ရခြင်းကြောင့် အမှုရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ ယင်းအတွက် တရားရုံးက စစ်ဆေးခဲ့ပြီး အခြားသူတစ်ဦး၏ လုပ်ကြံမှုဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရသဖြင့် အမှုမှ အပြီးပြတ်လွှတ်ပေးခဲ့ကြောင်း သိရသည်။      

Eleven Media Group

0 comments:

Post a Comment