ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို လာရောက်စုံစမ်း ထောက်လှမ်းသည့် သောင်းကျန်းသူများအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကွတ်ခိုင်မြို့နယ်အတွင်း သောင်းကျန်းသူ များက လက်နက်ကြီးများဖြင့် မကြာခဏ နှောင့်ယှက် ပစ်ခတ်လျက်ရှိရာ ဒေသခံပြည်သူများ စိုးရိမ်ပူပန်မှုများ မရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင် များက နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၇ ရက် ည ၈ နာရီခန့်တွင် တီးမားကျေးရွာ၏ မြောက်ဘက် မီတာ ၁ဝဝ ခန့်နေရာ၌ ညပိုင်းလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် နံနက် ၂ နာရီခွဲခန့်တွင် အဆိုပါနေရာ၏ အရှေ့တောင်ဘက် တောတန်း အတွင်းမှ ဓာတ်မီးဖွင့်ပိတ် ပြုလုပ်၍ မသင်္ကာဖွယ် လူနှစ်ဦး လမ်းလျှောက်လာသည်ကို ကင်းတာဝန်ကျ စစ်သည်က တွေ့ရှိရသဖြင့် ရပ်တန့်ရန်အော်ဟစ် သတိပေးသော်လည်း ရပ်တန့်ခြင်းမရှိဘဲ နောက်သို့လှည့်၍ ထွက်ပြေးခဲ့ပြီး ထပ်မံရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်း မရှိခြင်းကြောင့် ကင်းတာဝန်ကျ စစ်သည်က ၎င်းကိုင်ဆောင်ထားသော လက်နက်ငယ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့သည်။
ထိုသို့ဖမ်းဆီးခြင်းကြောင့် အမည်နှင့် နေရပ်(စိစစ်ဆဲ) အသက် ၃ဝ ခန့်နှင့် အသက် ၃၅ နှစ်ခန့်ရှိ အမျိုးသားနှစ်ဦးအား စစ်စိမ်းရောင် မြေခင်းခြုံလျက် အသေဖမ်းဆီး ရမိခဲ့ပြီး ၎င်းဖမ်းဆီးရမိသူများကို တီးမားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိုက်စည်၊ ကုန်းဆာကျေးရွာ ဥက္ကဋ္ဌ ဦးစိုင်၊ လုံကာကျေးရွာ ပြည်သူ့စစ် (ဌာနေ) ခေါင်းဆောင် ဦးချိန်ဟန်မြင့် တို့အား ပြသခဲ့ရာ ဒေသခံရွာသားများ မဟုတ်ကြောင်း သိရှိရသည်။
တီးမားကျေးရွာ၊ တက္ကနိုင်းကျေးရွာ၊ လုံထန်ကျေးရွာ၊ ရှောက်ဟော် ကျေးရွာဝန်းကျင် တစ်ဝိုက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို နှောင့်ယှက်ပစ်ခတ်ရန် သောင်းကျန်းသူများက အရပ်သား အသွင်ယူ၍ လာရောက် စုံစမ်း ထောက်လှမ်းခြင်းဖြစ် နိုင်ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားသည့် နံနက် ၂ နာရီ ပတ်ဝန်းကျင်မှာလည်း မူဆယ်-မုံးကိုး တိုက်ပွဲဖြစ်စဉ် စတင်ဖြစ်ပွားခဲ့သည့် အချိန်ဖြစ်ကြောင်းလည်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
Credit - တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး
The Ladies News
0 comments:
Post a Comment