အဂတိလိုက်စားမှု ဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးကို ဇူလိုင် ၂၃ ရက်က တိုင်းဒေသကြီး တရားလွှတ်တော်၌ ၂၂ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး GGS ကုမ္ပဏီ၏ ဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့၏ အချုပ်လွတ်ထုချေခွင့်ပြုရန် အာမခံ လျှောက်ထားမှုကိုပယ်ကြောင်း တရားရုံးက အမိန့်ချခဲ့သည်။
“ဒီနေ့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် ရာဇဝတ်ကြီးအမှု အမှတ် (၁/၂၀၁၉) က တရားလိုပြသက်သေ ထားဝယ်မြို့နယ် လမ်းဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်ဝင်းလဲ့လဲ့ခိုင်၊ ရာဇဝတ်ကြီး အမှုအမှတ် (၄/၂၀၁၉) က တရားလိုပြသက်သေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းက ဦးဆောင်ညွှန်ကြားရေးမှူး အငြိမ်းစား ဦးခင်မောင်ဝင်းနဲ့ သရက်ချောင်းမြို့နယ် မြို့မရပ်ကွက်နေ ဦးမောင်မောင်တို့ကို စစ်ဆေးခဲ့ပါတယ်။ ရာဇဝတ်ကြီး အမှုအမှတ် (၃/၂၀၁၉) နဲ့ (၄/၂၀၁၉) က တရားခံ ဦးအောင်မြတ်နဲ့ ရာဇဝတ်ကြီးအမှု အမှတ် (၄/၂၀၁၉) က တရားခံ ဦးသူရအုံတို့ရဲ့ အာမခံ လျှောက်ထားမှုကို ပယ်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။ နောက်ရုံးချိန်းကို သြဂုတ်လ ၅ ရက်နေ့ကို ချိန်းဆိုပြီးတော့ ရာဇဝတ်ကြီး အမှုအမှတ် (၁/၂၀၁၉) အမှုက တရားလိုပြသက်သေ ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးအောင်ကျော်မျိုးကို စစ်ဆေးဖို့ ရာဇဝတ်ကြီး အမှုအမှတ် (၂/၂၀၁၉)၊ (၃/၂၀၁၉)၊ (၄/၂၀၁၉) အမှုတွေက တရားလိုပြသက်သေ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဖြိုးဝင်းထွန်းကို စစ်ဆေးဖို့ ချိန်းဆိုထားခြင်းပဲ ဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး တရားလွှတ်တော်မှ တိုင်းတရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောကြားသည်။
GGS ကုမ္ပဏီဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့နှစ်ဦး၏ အာမခံလျှောက်ထားမှုကို ပယ်ကြောင်း အမိန့်ချမှတ်ရာတွင် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးက အာမခံ လျှောက်ထားသူများအပေါ် စွဲဆိုထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အမှုမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေအရ အာမခံပေးခွင့် မရှိသည့်ဥပဒေ ဖြစ်ခြင်းနှင့် ဥပဒေ၏ ရည်ရွယ်ချက်အရလည်း အာမခံပေးရန် သင့်လျော်မှု မရှိခြင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အစိုးရက မူဝါဒချမှတ် ဆောင်ရွက်နေခြင်းနှင့် စွဲဆိုထားသည့် အမှုနှင့် ပတ်သက်၍ အများပြည်သူ စိတ်ဝင်စားသည့်အမှု ဖြစ်ခြင်းတို့ကြောင့် ယင်းအချက်များကို ဆင်ခြင်စဉ်းစားပါက အာမခံလျှောက်ထားသူများကို အချုပ်လွတ်ထုချေခွင့်ပြုရန် သင့်လျော်မှု မရှိဟု သုံးသပ်၍ အာမခံလျှောက်ထားမှုကို ပယ်ချကြောင်း အမိန့်ချ ခဲ့သည်ဟု သိရသည်။
လာမည့် ၂၃ ကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြ သက်သေအဖြစ် တရားခွင်၌ လာရောက်ထွက်ဆိုမည့် တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဖြိုးဝင်းထွန်းမှာ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု ဥပဒေဖြင့် စတင်ဖမ်းဆီးခဲ့ပြီး တာဝန်မှ ရပ်ဆိုင်းကြောင်း မတ် ၁၁ ရက်က နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီးနောက် ရှစ်ရက်အကြာ မတ် ၁၉ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ၎င်းတို့သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း ကြေညာခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံ/ဘဏ္ဍာနှင့် လျှပ်စစ်/စွမ်းအင်ဝန်ကြီး နှစ်ဦးအနက် တစ်ဦးဖြစ်သည်။
ထို့ပြင် ၎င်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ ယခင်လျှပ်စစ်/စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်တို့နှင့်အတူ မိသားစုဝင်များ အပါအဝင် စုစုပေါင်း ၁၃ ဦး၏ ဘဏ်ငွေစာရင်းများကို စစ်ဆေးမှု ပြုလုပ်ရာ၌လည်း ပါဝင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment