Monday, July 29, 2019

သြဂုတ်လအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ကာ နှစ်ကြိမ်သည် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ရေဝင်ရောက်မှုဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်
သြဂုတ်လအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်ကာ နှစ်ကြိမ်သည် မုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ်လ မိုးလေဝသ ခန့်မှန်းချက်အရ သိရသည်။

“သြဂုတ်လဆိုတာက မုတ်သုံကာလမှာ မိုးအကောင်းဆုံးဖြစ်တဲ့အတွက် မိုးပိုကောင်းလာမယ်။ ခန့်မှန်းချက်အရလည်း လေဖိအားနည်းရပ်ဝန်းက သုံးကြိမ်ဖြစ်ပြီး မုန်တိုင်းငယ်နှစ်ကြိမ် ဖြစ်နိုင်တယ်။ ရေကြီးရေလျှံမှုက ဒီကာလမှာ မြန်မာနိုင်ငံအောက်ပိုင်းဒေသ မြစ်တွေ၊ ချောင်းတွေမှာ ပိုများတယ်။ အထက်ပိုင်း ဒေသတွေထက်စာရင်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မုတ်သုံအားကောင်းတာတစ်ချက်၊ တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်တဲ့ မုန်တိုင်း အကြွင်းအကျန်တိမ်တိုက်တွေကြောင့် ရေကြီးရေလျှံသတိပြုရမယ်။ အထက်ပိုင်းဒေသတွေကတော့ ဒုဋ္ဌဝတီမြစ်နဲ့ ချင်းတွင်းမြစ်  ချင်းတွင်းမှာ ရေကြီးရေလျှံမှုတွေဖြစ်တတ်တယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
ခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း ဖော်ပြထားသည်။
သြဂုတ်လအတွင်း မိုးရွာသွန်းမှုအခြေအနေသည် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ ရွာသွန်းမြဲထက်ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။
ထို့ပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၁၈ ရက်မှ  ၂၇ ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ၁၀ ရက်မှ ၁၇ ရက်ခန့်ရွာနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

Eleven Media Group

0 comments:

Post a Comment