Monday, July 29, 2019

ဖြေဆိုသူ ၁၀၀ ဦးတွင် ၃၀ သာအောင်သည့် တက္ကသိုလ်ဝင်တန်းအောင်စာရင်းနှင့်ပတ်သက်၍ ဖြေရှင်းရန်လုပ်နေဟု ဆို

ဖြေဆိုသူ ၁၀၀ ဦးတွင် ၃၀ သာအောင်သည့် တက္ကသိုလ်ဝင်တန်းအောင်စာရင်းနှင့်ပတ်သက်၍ ဖြေရှင်းရန်လုပ်နေဟု ဆို
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် တစ်နှစ်လျှင် ကျောင်းသားကျောင်းသူ ၁၀၀ ဦးဖြေဆိုပါက ၃၀ ဦးသာအောင်သည့် ပြဿနာကိုဖြေရှင်းရန် နည်းလမ်းရှာအကောင်အထည်ဖော်နေပြီဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်။
ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းလမ်းဆုံရှိ House of Orchid တွင် ဇူလိုင်လ ၂၇ ရက်က “ပညာရေးစနစ်သစ်ဘာတွေမျှော်လင့်နိုင်မလဲ” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဒီဗွီဘီဒီဘိတ်အစီအစဉ်တွင်ပြောခဲ့ခြင်း ဖြစ်သည်။
“တကယ်တမ်းပြောရရင် အခြေခံမူလတန်းအဆင့် Level 1၊ အလယ်တန်းအဆင့်က Level2၊ အထက်တန်းအဆင့်က Level 3၊ ပြီးရင် တက္ကသိုလ်အဆင့် Level 6၊ မာစတာအဆင့်က LeveL 7၊ PHD က Level8 အဲဒီကြားထဲမှာပျောက်နေတဲ့ 4 နဲ့ 5ကို ကျွန်တော်တို့က Completion certificate ပေးပြီးရှေ့လဆိုရင် အကောင်အထည်ဖော်တော့မယ်။ အဲဒီကနေအာမခံနိုင်တဲ့ တစ်နှစ်တစ်နှစ် လူ ၁၀၀ ဖြေရင် ၃၀ လောက်ပဲအောင်၊ လူ ၇၀ ကို ကျွန်တော်တို့ကဘယ်သွားထားမလဲဆိုတဲ့ ပြဿနာတွေ အခုဖြေရှင်းဖို့လုပ်နေပြီ။ ကျွန်တော်တို့က Completion certificate ပေးမယ်။ အဲဒီ Completion certificate သည် နိုင်ငံတကာလည်း အသိအမှတ်ပြုအောင်ကြိုးစားမယ်” ဟု အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်။
အဆိုပါလက်မှတ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာအသက်မွေးဝမ်းကျောင်းများ၏ ထောက်ခံချက်ရရှိစေရန် ချိတ်ဆက် ဆောင်ရွက်နေပြီး မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ရန်လိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအရ ၃၁.၄၄ ရာခိုင်နှုန်းအောင်မြင်ခဲ့ပြီးတစ်နိုင်ငံလုံးမှ ဝင်ရောက်ဖြေဆိုသူ ၈၅၁၅၂၄ ဦးတွင် အောင်မြင်သူ ၂၆၇၆၉၆ ဦးသာရှိခဲ့ကြောင်းသိရသည်။

ချမ်းငြိမ်း ( အကုန်သိသတင်းဌာန )

0 comments:

Post a Comment