ရန်ကုန်တိုင်းရှိ မြစ်ချောင်းများတွင် ပင်လယ်ရေမျက်နှာပြင်အထက် ၂၂ ပေ အထိ ထူးကဲဒီရေတက်မည်ဖြစ်သဖြင့် မြို့နယ်အချို့တွင် ပြင်ဆင်မှုများပြုလုပ်ထားရန် နှိုးဆော်လျက်ရှိကြောင်း ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် နေထိုင်သူများထံမှ သိရသည်။
ထိုသို့ ဒီရေမြင့်တက်မှုမှာ ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၄ ရက်ခန့်အထိ ဖြစ်ပွားနိုင်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၂ ပေအထိ မြင့်တက်နိုင်ခြင်းကြောင့် နှိုးဆော်နေရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။
“အစ်မတို့က မြစ်ကမ်းတစ်လျှောက်နား ငမိုးရိပ်တစ်လျှောက်အနားမှာရှိတဲ့ စက်မှုလက်မှုရက်ကွက်တို့၊ ၈ ရပ်ကွက်၊ ၉ ရပ်ကွက်တွေက နှစ်တိုင်းဒီရေပြဿနာဖြစ်တယ်လေ။ ရေမြုပ်တယ်ပေါ့။ အဲဒါလေးတွေ ကြိုတင်ပြင်ဆင်နိုင်အောင်လို့ အသိပေးတာ။ အရင်နှစ်ထက် ငါးလက်မ ပိုတက်မယ်လို့ သိရပါတယ်။ အဲဒီလိုမျိုးအနေအထားဆိုတော့ ကားလမ်းတောင်ကျော်မယ့် ပုံစံမျိုးလို့ အစ်မတို့က ခန့်မှန်းတယ်ပေါ့။ အဖိုးတန်ပစ္စည်းတွေ အကုန်ရွှေ့ထားဖို့၊ ရေတို့ဘာတို့ စုဆောင်းထားဖို့ အဲဒါလေးတွေ ကြိုတင်ပြီး အသိပေးနှိုး ဆော်တာပါ။ မနှစ်က ပင်လယ်ရေမျက်နှာပြင် အထက် ၂၀ ပေ တက်တယ်လို့ပြောတယ်။ ဒီနှစ်က ၂၂ ပေနဲ့ ငါးလက်မတက်မယ်လို့သိရ တယ်” ဟု ဒေါ်သက်ထားနွယ်ဝင်းကပြောကြားသည်။
ထို့ကြောင့် အဆိုပါဒီရေတက်မည့် ကိစ္စအား ကြိုတင်ကာကွယ်ရန်အတွက် အစည်းအဝေးများလုပ်ဆောင်ထားပြီး မြို့နယ်နေလူထု သိရှိစေရန် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
“မြို့တော်ဝန်ကနေပြီးတော့ စည်ပင်ကော်မတီဝင်တွေကိုခေါ်ပြီးတော့ မြို့နယ်မှာ ထူးကဲဒီရေတက်ဖို့ရှိတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတွေကို ရှင်းလင်းပြီးတော့မှ လိုအပ်တဲ့တစ်ချို့ရပ်ကွက်တွေမှာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့အတွက် လိုအပ်တဲ့ဘတ်ဂျက်ကို လွှတ်တော်ကိုယ်စား လှယ်တွေနဲ့တိုင်ပင်ပြီးတော့ စီမံချက်လေးဆွဲပြီးတော့ တင်ပေးပါဆိုတော့ အစည်း အဝေးလုပ်ကြတာပေါ့” ဟု ၎င်းက ဆိုသည်။
၂၀၁၈ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ထူးကဲဒီရေတက်မှုကြောင့် သင်္ဃန်းကျွန်း၊ ဒေါပုံ၊ ဗိုလ်တစ်ထောင်၊ လမ်းမတော်၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ၊ ကြည့်မြင်တိုင်၊ သာကေတ၊ တောင်ဥက္ကလာပ စသည့် မြို့နယ်များတွင် လူနေရပ်ကွက်များ အတွင်း မြစ်ရေ၊ ချောင်းရေတက်ခဲ့ပြီး ပြည်သူများ အခက် အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Eleven Media Group
0 comments:
Post a Comment