ဆလုံလူမျိုးများ အသက်အန္တရာယ် ကင်းရှင်းရန်အတွက် အသက်ကယ်အင်္ကျီများ ထောက်ပံ့ရန် တနင်္သာရီတိုင်း ဒေသကြီး အစိုးရက စီစဉ်ဆောင်ရွက်နေကြောင်း တိုင်းအစိုးရ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး အသက်ကယ်အင်္ကျီအစား ကျန်းမာရေး ကိစ္စများကို အဓိကထား ဆောင်ရွက်ပေးရန် လိုကြောင်း ဆလုံတိုင်းရင်းသားများက ဆိုသည်။
မြိတ်ကျွန်းစု အတွင်းရှိ ပင်လယ်ပျော် ဆလုံတိုင်းရင်းသားများမှာ ပင်လယ်ပြင်အတွင်း သွားလာနေထိုင် ကျက်စားသည့် လူမျိုးတစ်မျိုးဖြစ်ပြီး ငယ်ရွယ်သည့် ကလေးမှအစ လူကြီးပိုင်းအထိ ပင်လယ်ပြင်တွင် ကျွမ်းကျင်စွာ သွားလာနိုင်သလို ရေကူးရေငုပ် လွန်စွာကျွမ်းကျင်သည့် တိုင်းရင်းသားများဖြစ်ကြောင်း သိရသည်။
ဆလုံတိုင်းရင်းသားများကို တိုင်းဒေသကြီးအစိုးရက ကူညီဆောင်ရွက်ပေးရာတွင် ဘတ်ဂျက်ငွေများမှ ဆန်များ၊ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ကြေးများ ကူညီဆောင်ရွက်ပေးနေသလို အသက်ကယ်အင်္ကျီ များကိုလည်း ကူညီထောက်ပံ့ရန် ဆောင်ရွက်နေကြောင်း ဇူလိုင် ၂၂ ရက်တွင် ပြုလုပ်ခဲ့သည့် တိုင်းအစိုးရ၏ သုံးနှစ်တာကာလ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“ဆလုံတိုင်းရင်းသားများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ကြေး ငွေသိန်း ၁၀၀၀ အထဲမှ ငွေကျပ် ၆၁၆ သိန်းကို ထုတ်ယူခဲ့ပြီး ဆန်များထောက်ပံ့ခဲ့ခြင်း၊ ဆလုံကျေးရွာ ငါးရွာအတွက် တစ်ရွာလျှင် ကျပ်သိန်း ၈၀ နှုန်းဖြင့် ကျပ်သိန်း ၄၀၀ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ကျပ်သိန်း ၃၈၀ ကျော်ကို ဆလုံလူမျိုးများအတွက် အသက်အန္တရာယ် ကင်းရှင်းစေရန်အတွက် အသက်ကယ်အင်္ကျီများ၊ ကင်းမွန်နှင့် ရေငုပ်ပစ္စည်းများ၊ ကျောင်းသုံးမိုးကာ အင်္ကျီများ ထောက်ပံ့နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာက ပြောကြားသည်။
ဆလုံတိုင်းရင်းသားများအတွက် အဓိကလိုအပ်နေသည့်အရာမှာ ကျန်းမာရေး စောင့်ရှောက်ပေးမှုဖြစ်ပြီး အသက်ကယ် အင်္ကျီများအစား ကျန်းမာရေးကိစ္စများကို အဓိကထား ဆောင်ရွက်ပေးရန်လိုကြောင်း ဆလုံတိုင်းရင်းသားများက ဆိုသည်။
“သူတို့အတွက် အဓိက အသက်ကယ်ဖို့ ဆိုတာက ဘာလဲဆိုတော့ ကျန်းမာရေးကဏ္ဍပါ။ ဆေးဝါးတွေ မလုံလောက်ဘူး။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ၊ ဆရာ၊ ဆရာမတွေ မလုံလောက်ဘူး။ ပင်လယ်ကျွန်းတွေမှာ ဘာတွေဖြစ်နေသလဲဆိုတော့ မိုးရာသီ လှိုင်းလေပြင်းတဲ့အချိန်မှာ တချို့ကျွန်းတွေမှာ အခက်အခဲ ဖြစ်နေတယ်။ တကယ်တမ်း သူတို့ကို အသက်ကယ်အင်္ကျီ ပေးချင်တယ်ဆိုရင် ဆေးဝါးကို အသက်ကယ်အင်္ကျီလို့ သတ်မှတ်ပါ။ ရေပေါ်မှာပေါ်တဲ့ သက်ကယ် အင်္ကျီကိုတော့ မပေးစေချင်ပါဘူး။ ရယ်စရာကြီး ဖြစ်နေမှာပါ။ ဆလုံတိုင်းရင်းသား ၁၂ နှစ်၊ ၁၃ နှစ်အရွယ်တွေဆိုရင် ရေထဲမှာ ခြေမလှုပ်၊ လက်မလှုပ်ဘဲနဲ့မှီးပြီး မျှောနေလို့ရတဲ့ လူမျိုးတွေဗျာ့။ နည်းနည်းလူကြားကောင်းအောင် လုပ်စေချင်တာပေါ့။ ဆလုံကို တကယ်အသက်ကယ်အင်္ကျီ ပေးစေချင်တယ်ဆိုရင် ကျန်းမာရေးကို ဖြည့်ဆည်းပေးပါလို့ ပြောချင်ပါတယ်။ ဆလုံတိုင်းရင်းသားတွေ နေထိုင်တဲ့ ပင်လယ်ရွာတွေမှာ အစိုးရက ဆေးဝါးထောက်ပံ့မှု ဘယ်လိုဆောင်ရွက် ပေးထားသလဲဆိုတာ ကျွန်တော်တို့မသိဘူး။ ထောက်ပံ့တဲ့ ဆေးဝါးအပေါ်မှာလည်း ကျွန်တော်တို့ ဘယ်လိုအသုံးပြုရမလဲ ဆိုတာကိုလည်း လမ်းညွန်မှုတွေ မသိထားရပါဘူး။ ဗိုက်နာတာကအစ နှာစေးတာ အဆုံးပေါ့ဗျာ့။ ပိုက်ဆံအကုန်ခံမှရတယ်။ ဒါကြောင့် ဆလုံကို သက်ကယ်အင်္ကျီ ပေးချင်တယ်ဆိုရင် ဆေးဝါးပံ့ပိုးမှုပေးတာနဲ့ အတူတူပါပဲလို့။ ရေကူးတဲ့ အသက်ကယ်အင်္ကျီ ပေးချင်တယ်ဆိုရင် ကမ္ဘာမှာ ကျော်မကောင်း ကြားမကောင်းတာတွေ ဖြစ်သွားပါလိမ့်မယ်” ဟု မြိတ်ကျွန်းစုအတွင်းရှိ မကြုံဂလက်ကျေးရွာမှ ဆလုံတိုင်းရင်းသား မိသားစုဝင် ဦးခင်မောင်ထွေးက ပြောကြားသည်။
မြိတ်ကျွန်းစုအတွင်းရှိ ဆလုံတိုင်းရင်းသားများ နေထိုင်သည့်ရွာများတွင် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်း၊ ပြီးခဲ့သည့်လအတွင်းက ဆလုံတိုင်းရင်းသား ကလေးငယ်များ ရက်ရှည်လများ ကျောင်းပျက်ခဲ့သည်ကို ကွင်းဆင်းရာတွင် ဆေးဝါးကုသမှုခံယူရန် ငွေကြေးမတတ်နိုင်ခြင်း၊ ကျန်းမာရေးအသိ မရှိခြင်းတို့ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ကျောင်းကော်မတီဝင် တစ်ဦးက ဆိုသည်။
ကျောင်းသား ကျောင်းသူ ၅၀ ကျော်မှာ နေထိုင်မကောင်းဖြစ်နေပြီး ကော့သောင်းမြို့သို့ ရောက်ရှိနေသည့် ကျန်းမာရေး ဆရာမအား ဖုန်းဆက်အကြောင်းကြားပြီး ရာသီအလိုက် တိုက်ကျွေးရသည့် ဆေးဝါးများကို ကျေးရွာမှ ငွေစုကာ ဝယ်ယူပေးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment