Tuesday, May 1, 2018

အစိုးရဝန်ထမ်းများ လစာတိုး၍ စက်ရုံအလုပ်သမားများ လုပ်ခလစာ မသတ်မှတ် ပေးသေးခြင်းသည် သမ္မတ ပြောကြားချက် တရားဥပဒေစိုးမိုးရေးနှင့် မကိုက်ညီဟု အလုပ်သမားရှေ့နေ ဦးဌေး ဝေဖန်


အစိုးရဝန်ထမ်းများ လစာတိုး၍ စက်ရုံ အလုပ်သမားများ နှင့် အခြားအလုပ်သမားများ လုပ်ခလစာကို မသတ်မှတ် ပေးသေးခြင်းသည် သမ္မတ ပြောကြားချက် တရားဥပဒေ စိုးမိုးရေးနှင့်မကိုက်ညီကြောင်း မေ ၁ ရက်တွင် အလုပ်သမားရှေ့နေ ဦးဌေးက ဝေဖန် ပြောကြားလိုက်သည်။

''ဝန်ထမ်းတွေကို လစာတိုးပေးတယ်။ ဟော အနည်းဆုံး လုပ်ခလစာ ကျပ်၄၈၀၀ အခုချိန်ထိ တရားဝင် မသတ်မှတ်ပေးဘူး။ နောက် အရင် ကျပ် ၃၆၀၀ သတ်မှတ်ထားတာ အခုချိန်ထိမပေးတဲ့ အလုပ်ရုံတွေ အများကြီးဘဲ။ သမ္မတ ဦးဝင်းမြင့်က ပြောတယ်။အလုပ်သမားတွေ ဘဝစိုပြေရေး အဆင်ပြေရေးဆိုတာ ဘယ်မှာလဲ။ အခုလစာတိုးတော့ ဝန်ထမ်းတွေတိုးတယ်။ ဒါ တရားဥပဒေစိုးမိုးရေးဆိုတာ သူပြောတာနဲ့ မကိုက်ညီတာပဲ။ အခုလည်း ကျပ် ၅၆၀၀ ဆိုတာ အလုပ်သမားတွေက သူတို့ဘဝနဲ့ ကိုက်ညီတာကို တောင်းတာ။ ဒါကြောင့် အလုပ်သမားတွေ စိုပြေ အဆင်ပြေရေးဆိုတဲ့ သမ္မတ ပြောစကား မေ့နေမှာစိုးလို့ ဒီနေ့ ချီတက်ခြင်းဖြစ်တယ်''ဟု ရှေ့နေဦးဌေး က ဆိုသည်။

အဆိုပါ သခင်မြပန်းခြံမှ မဟာဗန္ဓုလပန်းခြံထိချီတက်ခဲ့သော အလုပ်သမားရာချီတွင် အလုပ်သမား သမဂ္ဂများပါ ပါရှိပြီး အစိုးရမှ ILO တွင် အလုပ်သမား အခွင့်အရေး စာချုပ်မှာပါ လတ်မှတ်ထိုးရေး တောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် အလုပ်သမားအခွင့်အရေးနှင့် လုပ်ခလစာ အပြည့်အဝ ယခုတိုင်မရရှိသေးပဲ အလုပ်သမားသမဂ္ဂများပါ အလုပ်ထုတ်ပစ်မှု လည်း ယခုတိုင်ရှိနေဆဲဖြစ်ကြောင်း အခြေခံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်မှ ကိုနန္ဒစစ်အောင် က ပြောသည်။

မင်းသီဟန် (အကုန်သိသတင်းဌာန)


0 comments:

Post a Comment