Sunday, September 23, 2018

မြန်မာနှင့်ထိုင်း ယူ ၁၉ အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲ ၂ ပွဲ အခမဲ့ကြည့်ရှုခွင့်ရမည်

Image may contain: 11 people, people smiling, people standing and outdoor

မြန်မာနဲ့ ထိုင်း ယူ ၁၉ အမျိုးသမီးအသင်းတို့ရဲ့ ခြေစမ်းပွဲ ၂ ပွဲကို ရန်ကုန်မြို့မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ပရိသတ်တွေ အခမဲ့ကြည့်ရှုနိုင်တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ခြေစမ်းပွဲ ၂ ပွဲကို အောက်တိုဘာ ၅ ရက်နဲ့ ၇ ရက်နေ့တွေ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

မြန်မာယူ ၁၉ အမျိုးသမီးအသင်းဟာ အာရှအမျိုးသမီးယူ ၁၉ ခြေစစ်ပွဲအုပ်စု (အက်ဖ်) ပွဲစဉ်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပွဲကြိုပြင်ဆင်တဲ့အနေနဲ့ အခုလို ခြေစမ်းပွဲကစားတာလို့ ဆိုပါတယ်။

အဆိုပါခြေစမ်းပွဲ ၂ ပွဲကို ကွင်းဝင်ကြေး ကောက်ခံခြင်းမရှိပဲ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး ယှဉ်ပြိုင်ကစားမယ့် အချိန်နဲ့ ကွင်းကို အသေးစိတ်ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

မြန်မာယူ – ၁၉ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ဆောင်ရွက်နေပြီး အုပ်ချုပ်မှုနည်းပြ အဖွဲ့ဝင် ၉ ဦး၊ ကစားသမား ၃၁ ဦးတို့နဲ့ စခန်းသွင်းလေ့ကျင့်နေပါတယ်။

ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မြန်မာယူ ၁၉ အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က စင်ကာပူ ယူ ၁၉ အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး ၇ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိထားပါတယ်

ဒါ့အပြင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၊ KBZ Bank Women’s League ပြိုင်ပွဲဝင် ကလပ်အသင်းတွေ၊ အမျိုးသား လူငယ်အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားခဲ့ပြီးဖြစ်ပါတယ်။

၂၀၁၉ အာရှယူ – ၁၉ အမျိုးသမီးခြေစစ်ပွဲ အုပ်စု (အက်ဖ်) ပွဲစဉ်တွေကို မြန်မာက အိမ်ရှင်အဖြစ် အောက်တိုဘာ ၂၄ ကနေ ၂၈ ရက်နေ့အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။

0 comments:

Post a Comment