Saturday, December 1, 2018

စစ်ကိုင်းတိုင်း မြေဧက ၁ သိန်းကျော်တွင် ကြေးနီသတ္တုရှာဖွေရန် မြန်မာယန်စီကုမ္ပဏီ ပြင်ဆင်


စံပယ်တောင်၊ ကြေးစင်တောင်၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတူးဖော် စီမံကိန်းကြီးတွေထက် အဆပေါင်းများစွာပိုကြီးတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ဖို့အတွက် မြန်မာယန်စီကုမ္ပဏီက ခြေလှမ်းပြင်နေပါတယ်။ 
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်တွေက မြေဧကပေါင်း ၁၁၄,၀၀၀ နီးပါးမှာ ကြေးနီနဲ့ ဆက်စပ်သတ္တု ရှာဖွေစမ်းသပ်တိုင်းတာရေး ဖြစ်မြောက်နိုင်စွမ်း လေ့လာဖို့အတွက် နိုင်ငံတော်အစိုးရထံမှာ လုပ်ကွက်တိုးချဲ့ လျှောက်ထားခဲ့ပြီး အကောင်အထည်ဖော်ဖို့ မြန်မာယန်စီကုမ္ပဏီက ပြင်ဆင်နေတာပါ။ 

နိုဝင်ဘာလ ၂၉ ရက်နေ့က ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကုမ္ပဏီ တာဝန်ရှိသူတွေ၊ ဌာနပေါင်းစုံပါဝင်တဲ့ မြို့နယ်စီမံအဖွဲ့တွေ ကနဦး တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ အစည်းအဝေးတက်ခဲ့တဲ့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ 

“သူတို့ပြောတဲ့ပုံအရတော့ နောက်တပတ်မှာ ကနဦး မြေပုံအညွှန်းတွေကို ကွင်းဆင်းတာတွေ လုပ်မယ်ပေါ့။ ပြီးရင် ဧရိယာအတွင်း ကျေးရွာ လူနေအိမ်၊ သာသနိက အဆောက်အဦ၊ လယ်ယာမြေ၊ သစ်တောမြေတွေကို ကွင်းဆင်းတိုင်းတာ သတ်မှတ်မယ်ပေါ့။ ပထမ ၂ နှစ်တော့ ကျောက်ကြမ်းနမူနာကောက်မယ်။ နောက်မှ မြေအောက်တူးဖော်တာတွေ လုပ်မယ်ပေါ့။ အဲလိုတော့ သိခဲ့ရတယ်။” 

လက်ရှိ တိုးချဲ့လျှောက်ထားတဲ့ မြေဧရိယာက စတုရန်းကီလိုမီတာ ၄၆၁.၂၄၂၈ (၁၁၃၉၇၃.၁ ဧက) ရှိကာ လက်ရှိ ကုမ္ပဏီကလုပ်နေတဲ့ ကြေးစင်တောင်စီမံကိန်းက ၂၂.၇၆ စတုရန်းကီလိုမီတာ (၆၂၅၃.၀၄ ဧက) သာ ရှိပါတယ်။ 

စီမံကိန်းအတွက် ကနဦးစမ်းသပ်ဖို့အတွက်လည်း အမေရိကန်ဒေါ်လာ ၆ သန်းကနေ ၁၀ သန်းထိ အကုန်အကျခံ သုံးစွဲမယ်လို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောသယံဇာတဝန်ကြီး ဦးကမ်ဇာမုံက “တပတ်လောက်တော့ရှိပြီ။ စံပယ်တောင်၊ ကြေးစင်တောင်နားမှာ ဧက ၁ သိန်းကျော်လောက်အတွင်းမှာ သတ္တုစူးစမ်းတိုင်းတာရှာဖွေရေးလုပ်ငန်းလုပ်ချင်တယ်ဆိုပြီးတော့မှ ဝန်ကြီးချုပ်ရုံးခန်းမှာ ဝန်ကြီးချုပ်ဦးဆောင်တဲ့အဖွဲ့နှင့် ကုမ္ပဏီတာဝန်ရှိသူတွေ လာတွေ့တာပေါ့။ အဲဒီမှာ ကျနော်က ဒီဥစ္စာက ဘယ်လိုပဲဖြစ်ဖြစ် စူးစမ်းလေ့လာရုံသက်သက်ဖြစ်တယ်ဆိုတာကို ဒေသခံပြည်သူလူထုကို အသိပေးဖို့ လိုအပ်လိမ့်မယ်။ တော်ကြာ တလွဲယူလိုက်ရင် ခွင့်ပြုလိုက်သလို ဖြစ်သွားမှာစိုးလို့ သေသေချာချာရှင်းပြဖို့လိုလိမ့်မယ်။ ဒေသခံပြည်သူတွေ သဘောထားရှင်းလင်းဖို့ လိုလိမ့်မယ်လို့ ပြောခဲ့တယ်။ တူးဖော်စမ်းသပ်ခွင့်ပြုလိုက်တယ်လို့ မဟုတ်ဘူး။ ဆွေးနွေးတာပဲရှိသေးတယ်။ စူးစမ်းလေ့လာမှုသက်သက်ကတော့ ပတ်ဝန်းကျင်မထိခိုက်ဘူး။ အစိုးရအနေနဲ့လည်း သူတို့ပြောသလို စူးစမ်းလေ့လာမှုသက်သက်အနေနဲ့ပဲ ခံယူထားတယ်” လို့ ပြောပါတယ်။ 

မြေပုံအရ ကနီမြို့နယ်တခုတည်းမှာ ကျေးရွာပေါင်း ၂၀ ကျော် ပါဝင်နေပြီး အိမ်ခြေ ထောင်ချီရှိကာ စိုက်ပျိုးမြေတွေ၊ သစ်တောဧရိယာတွေ၊ ကျေးရွာ ထင်းစိုက်ခင်းတွေ၊ ချောင်းတွေ၊ သဘာဝတောတွေလည်း အများအပြား ရှိနေပါသေးတယ်။ 

လက်ရှိဧရိယာက ချင်းတွင်းမြစ်ဝှမ်းဧရိယာအတွင်းမှာလည်း ပါဝင်နေတာကြောင့် ချင်းတွင်းမြစ် ရေရှည်တည်တံ့ခိုင်မြဲရေးမှာလည်း ထိခိုက်မှာကို စိုးရိမ်သူတွေလည်း ရှိပါတယ်။ 

ဒေသခံတွေနဲ့ ဌာနဆိုင်ရာတွေရဲ့ သဘောထားမှတ်ချက်အတွက် ယင်းမာပင်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီက စာထွက်ကာ နိုဝင်ဘာ ၂၉ ရက် နောက်ဆုံး သဘောထားမှတ်ချက်ပေးဖို့ စာထွက်ထားပေမယ့် ကျေးရွာသား တော်တော်များများကတော့ မသိကြသေးပါဘူး။ 

မြန်မာယန်စီရဲ့ ဒုတိယခြေလှမ်းက ဒေသတွင်းရဲ့ အကျိုးစီးပွားတွေ ထိခိုက်နစ်နာမှုတွေ များနိုင်တာ၊ လက်ရှိ ကြေးနီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ ပြေလည်မှု မရှိသေးတာ စတဲ့အကြောင်းတွေကြောင့် ဒေသခံတွေကတော့ စီမံကိန်းသစ်တွေကို လက်မခံချင်ကြပါဘူး။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကုမ္ပဏီနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေကိုတော့ မေးမြန်းခွင့် မရရှိသေးပါဘူး။

DVB

0 comments:

Post a Comment