Saturday, December 1, 2018

အလက်စကာပြည်နယ်တွင် ပြင်းအား ၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်


အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တောင်ပိုင်းမှာ နိုဝင်ဘာ ၃၀ ရက်နေ့က ပြင်းအား ၇ မဂ္ဂနီကျူ့အဆင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။ 
မြေငလျင်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ သတင်းကို မသိရသေးပါဘူး။ ငလျင်ဟာ အန်းခရစ်ခ်ျမြို့ မြောက်ဘက် ၈ မိုင်ကျော် အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး အဲဒီနေရာမှာ ပြည်နယ် လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဝန်းကျင် နေထိုင်တယ်လို့ သိရပါတယ်။ 

အဆိုပါမြေငလျင်ဟာ မြေအောက် အနက် ၂၇ – မိုင် နီးပါးကနေ လှုပ်ခဲ့တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က ပြောပါတယ်။ 

မြေငလျင်ကြောင့် အလက်စကာ ပင်လယ်ကွေ့နဲ့ အန်းခရစ်ခ်ျမြို့ကို ဆက်သွယ်ပေးတဲ့ Cook Inlet ဒေသမှာ ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ပြည်နယ်လမ်းမတွေလည်း ပျက်စီးပြီး ယာဉ်အသွားအလာ ထိခိုက်ခဲ့ရပါတယ်။ မြေငလျင်ကြောင့် အန်းခရစ်ခ်ျမြို့ ရုပ်သံထုတ်လွှင့်ရုံတွေ ထုတ်လွှင့်မှု ပြတ်တောက်ခဲ့တယ်လို့လည်း သိရပါတယ်။ 

အလက်စကာပြည်နယ်မှာ အဲဒီလို ပြင်းအားရှိတဲ့ ငလျင်မျိုး မကြာခဏ လှုပ်ခတ်လေ့ရှိပြီး အခု ငလျင်လှုပ်ခတ်ပြီးနောက်မှာ နောက်ဆက်တွဲ မြေငလျင်တွေ ထပ်မံလှုပ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

အလက်စကာပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း သဘာဝဘေးအန္တရာယ် ကြေညာချက်ထုတ်ပြန်ပြီး အိမ်ဖြူတော်နဲ့ တိုက်ရိုက် အဆက်အသွယ် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ 

လောလောဆယ် သမ္မတ ထရမ့်ဟာ G20 ထိပ်သီးဆွေးနွေးပွဲအတွက် အာဂျင်တီးနားကို ရောက်ရှိနေပြီး ထရမ့်က “အလက်စကာ ငလျင်ဘေးအတွက် ကုန်ချင်သလောက် ကုန်ပါစေ” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

DVB

0 comments:

Post a Comment