Sunday, April 28, 2019

အသက်အာမခံလုပ်ငန်းအတွက် နိုင်ငံခြားသား ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့ပြီးနောက် အထွေထွေအာမခံလုပ်ငန်းကို နိုင်ငံသားနှင့် နိုင်ငံခြားသား Joint Venture ဆောင်ရွက်ရန် ခွင့်ပြုပေးမည်ဟု သိရ

အသက်အာမခံလုပ်ငန်းအတွက် နိုင်ငံခြားသားရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့ပြီးနောက် အထွေထွေအာမခံလုပ်ငန်းကို နိုင်ငံသားနှင့် နိုင်ငံခြားသားများ JV (Joint Venture) ဆောင်ရွက်ရန် ခွင့်ပြုပေးမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။ 
မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်ရရှိမည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ရာခိုင် နှုန်းပြည့်ပိုင်ဆိုင်သော နိုင်ငံခြား အသက်အာမခံကုမ္ပဏီငါးခု၏ စာရင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနက ဧပြီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အသက်အာမခံလုပ်ငန်း အဆိုပြုလျှောက်လွှာပါ လိုင်စင်စိစစ် အကဲဖြတ်ခြင်းလုပ်ငန်းစဉ်များ ပြီးဆုံး၍ အကဲဖြတ်စံနှုန်းများနှင့် ကိုက်ညီသည့် နိုင်ငံခြား အသက်အာမခံကုမ္ပဏီများကို မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်း ဆောင်ရွက်မည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ရာနှုန်းပြည့်ပိုင်ဆိုင်သော အသက်အာမခံကုမ္ပဏီများအဖြစ် AIA Company Ltd, Chubb Tempest Reinsurance Limited, Dai-ichi Life Insurance Company Ltd, Manufacturing Life Insurance Company နှင့် Prudentia Hong Kong Limited စသည့် ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးခဲ့ပြီးနောက် အထွေထွေအာမခံအတွက် နိုင်ငံခြားကုမ္ပဏီများကို JV လုပ်ဆောင်ခွင့်ပြုရန် ပြင်ဆင်လာခြင်းဖြစ်သည်။ 

“လောလောဆယ်မှာတော့ နိုင်ငံခြားကုမ္ပဏီငါးခုကို အသက်အာမခံအတွက် ခွင့်ပြုပေးထားပြီး နောက်ထပ် ကျွန်တော်တို့ အထွေထွေအာမခံလုပ်ငန်းတွေကိုလည်း JV အဖြစ် ပူးပေါင်းပြီးတော့ လုပ်ကိုင်နိုင်အောင်လို့ ထုတ်ဖော်ကြေညာတော့မှာ ဖြစ်ပါတယ်” ဟု ဦးစိုးဝင်းက ပြောကြားသည်။ 

မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်းဆောင်ရွက်မည့် နိုင်ငံခြား အသက်အာမခံကုမ္ပဏီများသည် ဝန်ကြီးဌာနက သတ်မှတ်ထားသည့် လိုင်စင်အကြိုလုပ်ငန်းစဉ်များကို မဖြစ်မနေ ဖြည့်ဆည်း ဆောင်ရွက်ရမည့်အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရာနှုန်းပြည့် ပိုင်ဆိုင်သောကုမ္ပဏီ၏ လုပ်ငန်းစတင်ချိန်၌ အသက်အာမခံလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ကိစ္စရပ်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုင်စင်အကြိုလုပ်ငန်းစဉ်များ ဖြည့်ဆည်းဆောင်ရွက်ပြီးစီးပါက ဝန်ကြီးဌာနသည် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်ရမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရာနှုန်းပြည့်ပိုင်ဆိုင် သောအသက်အာမခံကုမ္ပဏီများအား လုပ်ငန်းလိုင်စင် ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ရာခိုင်နှုန်းပြည့်ပိုင်ဆိုင်သည့် အသက်အာမခံလုပ်ငန်းဆောင်ရွက်ခွင့်ပြုမည့် စာရင်းတွင် မပါဝင်သော နိုင်ငံခြားအသက်အာမခံ ကုမ္ပဏီများအနေဖြင့် ပြည်တွင်း အသက်အာမခံကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်းဆောင်ရွက်နိုင်ရေး ပြင်ဆင်ချိန် ရက်သတ္တလေးပတ်ရရှိရန်အတွက် လုပ်ငန်းဆောင်ရွက်လိုမှု ဆန္ဒပြုလွှာတင်သွင်းရမည့် နောက်ဆုံးရက်ကို ၂၀၁၉ ခုနှစ် မေ ၃ ရက် မွန်းတည့် ၁၂ နာရီသို့ ပြောင်း လဲသတ်မှတ်လိုက်ကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment