Monday, April 29, 2019

"လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း အခုရေတွင်းတူး၊ အခုရေကြည်သောက်လို့မရသည့်ကိစ္စ" ဟု ဒုဝန်ကြီး ပြော


လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ကဏ္ဍသည် အခုရေတွင်းတူး၊ အခု ရေကြည်သောက်လို့ မရသည့် ကိစ္စရပ်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်မှ ပြောကြားလိုက်သည်။ 
“လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ကဏ္ဍဟာ အခုရေတွင်းတူး၊ အခု ရေကြည်သောက်လို့ မရတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တည်ဆောက်မယ်ဆိုရင် စီမံကိန်းချပြီး ဆောင်ရွက်တာနဲ့ ၇နှစ်၊ ၈နှစ်ကြာအောင် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အဆိုပါ ကာလအတွင်း တစ်နှစ်တာမှာ ထိုကာလ သတ်မှတ်လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်တဲ့ ဘတ်ဂျက်ကို ခွင့်မပြုလိုက်ဘူးဆိုတာနဲ့ တစ်ပြိုင်ထဲ ထိုစီမံကိန်းရဲ့ ပြီးစီးရမယ့် ကာလဟာ နောက်ထပ် တစ်နှစ် အလိုအလျောက် ရွှေ့သွားတာ ဖြစ်ပါတယ်”ဟု ဒေါက်တာထွန်းနိုင်ကပြောသည်။ 
ယနေ့ ကျင်းပပြုလုပ်သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက် က “ ပြည်သူ့၏ ဆန္ဒ မီးမှန်မှု ရရှိအောင် ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ နွေရာသီတွင် ဓာတ်အားထုတ်လုပ်မှုတွေကို ဘယ်လို တိုးမြှင့်ပြီး ရေအားနဲ့မပါက တခြားနည်းနဲ့ တစ်နှစ်အတွင်း အရင်ပမာဏအထိရအောင် ဘယ်လိုလုပ်မလဲ။ လိုင်းပြဿနာတွေကိုလည်း မဖြစ်အောင် ဘယ်လို ဖြစ်လာရင်လည်း ဘယ်လို ကာကွယ်ဖို့ အစီအစဉ်ရှိလဲ”စသည့် ဆက်စပ်မေးမြန်းသည့် မေးခွန်းအပေါ် ဒေါက်တာထွန်းနိုင်မှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 
အဆိုပါ စီမံကိန်း ၈ နှစ်တာကာလအတွင်း တစ်နှစ်တာ ခြေချော်၊ လက်ချော် ဖြစ်ပွားမှုသည် ၂ နှစ် ၃ နှစ်ဆက်တိုက် ဖြစ်ပေါ်မည်ဆိုပါက လည်း ၀န်ကြီးဌာန၏ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းမည့် စီမံကိန်းများ အောင်မြင်ပြီးစီးမှုသည် ပျက်ပြယ်သွားနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ 
ထို့အတူ မီးမပြတ်စေရန်အတွက်လည်း ၀န်ကြီးဌာနမှ တောင်းသည့် ဘတ်ဂျက်အား ခွင့်ပြုရန်လို အပ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ 
အမေရိကန်နှင့် စင်္ကာပူနိုင်ငံများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသည် နှစ် ပတ် လောက်ကြာသော်လည်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပွားပါက နာရီပိုင်းအတွင်းပြန်ရအောင် ကြိုးပမ်းဆောင်ရွက်ပေးကြောင်း ဒေါက်တာထွန်းနိုင်ကပြောသည်။ 
မြန်မာနိုင်ငံ၏လက်ရှိ လျှပ်စစ်အခြေအနေအရ ၅ နှစ်မှ ၁၀ နှစ်ဆက်တိုက် ကြိုးပမ်းဆောင်ရွက်မှ သာ ပြေလည် နိုင်မည့် ကိစ္စဖြစ်ကြောင်းလည်း ဒေါက်တာထွန်းနိုင်မှပြောကြားခဲ့သည်။ 
နွေရာသီကာလ အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး အချို့တွင် အချိန်ပိုင်း မီးဖြတ်ရန်အတွက် အတွက် မြို့နယ် လျှပ်စစ်ရုံးများမှ ကြေညာထားကြောင်းသိရသည်။ 

#thefifthwavenews

0 comments:

Post a Comment