Sunday, April 28, 2019

မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် စီးပွားရေးလုပ်ကိုင်မှုများကြောင့် နိုင်ငံခြားကုမ္ပဏီကြီးများမ၀င်ရောက်နိုင်ဟု ဦးဖြိုးမင်းသိန်း ပြော


မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုပုံစံကြောင့် နိုင်ငံခြားကုမ္ပဏီကြီးများ ဝင်ရောက်လုပ်ကိုင်နိုင်ခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။ 
ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းပေါ်ရှိ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ယနေ့(ဧပြီလ ၂၇ ရက်)က ကျင်းပသည့် နိုင်ငံတော်ဒုတိယသမ္မတ(၁) နှင့် လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံသည့်အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 
“ မြန်မာနိုင်ငံမှာ Retail နဲ့ပတ်သက်ရင် အမြဲစိတ်ပူတတ်ပါတယ်။ နိုင်ငံခြားက လာလုပ်မယ်ဆိုတဲ့လုပ်ငန်းတွေ ပေါ်လာတိုင်း စိတ်ပူတတ်ကြတယ်။ အဓိကက မြေ၊ အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး စိတ်ပူတတ်ကြတယ်။ သိပ်ပြီးမပူပန်စေလိုပါဘူး။ မြန်မာနိုင်ငံမှာဖွင့်လှစ်ဖို့အတွက် နိုင်ငံခြားကုမ္ပဏီကြီးတွေက မလုပ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းလည်ပတ်မှုစနစ်ဟာ မြန်မာ့ပုံစံအတိုင်းပဲသွားတယ်။ အပြင်ကလာလုပ်တဲ့သူတွေ မလုပ်နိုင်ကြဘူး။ အရင်းသုံးရင်းရှိရမယ်။ ဒါကို သူတို့ဘက်က လက်မခံဘူး။ မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့စီးပွားရေးထဲကို သူတို့တွေမ၀င်နိုင်ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။ 
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပိုမိုဝင်ရောက်လာစေရန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကျင်းပ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခဲ့ကြောင်း၊ လက်ရှိတွင်လည်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ တိုးတက်လာပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၆ ရာခိုင်နှုန်း၊ လာမည့် ၂၀၂၀ တွင် ၆ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ 
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်အထိ နိုင်ငံခြားကုမ္ပဏီစုစုပေါင်း ၁၅၀ ကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ကန်ဒေါ်လာ ၂ ဒဿမ ၄ ဘီလျံရှိကြောင်း၊ နိုင်ငံသားပိုင်ကုမ္ပဏီ ၈၈ ခုခွင့်ပြုခဲ့ပြီး ကန်ဒေါ်လာ ၁၉၃ သန်းအပြင် မြန်မာငွေကျပ် ၈၉၉ ဘီလျံဝင်ရောက်လာကြောင်း သိရသည်။ 

စုသက်နှင်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment