Sunday, April 28, 2019

ပြည်သူ့ဂုဏ်ရည်ဆုမှ ဆုငွေများကို မန်းတွင် လမ်းမီးတိုင်များ စိုက်ထူသွားမည်


၁၀ ကြိမ်မြောက်ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို ချီးမြှင့်ခဲ့ပြီး ရရှိခဲ့တဲ့ ဆုငွေတွေကို ၂၆ လမ်းမှာ ဓါတ်မီးတိုင်တွေ စိုက်ထူသွားမယ်လို့ မြိုတော်ဝန် ဒေါက်တာရဲလွင်က ပြောပါတယ်။ ဆုချီးမြှင့်ပွဲကိုတော့ ဧပြီ ၂၈ ရက် က မန္တလေးကွန်ဗန်းရှင်းစင်တာ မှာ ပြုလုပ်ခဲ့တာပါ။ 
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို ပြည်သူ့ ဂုဏ်ရည်ဆုချီးမြှင့်ခံရတာကြောင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကြိုးစားလုပ်ဆောင်ရွက်ဖို့ အင်အားကြီးတစ်ခုဖြစ်တယ်လို့လည်း ဒေါက်တာရဲလွင်က ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ပြောပါတယ်။ 
ထိရောက်မြန်ဆန်တဲ့ စီမံခန့်ခွဲမှု၊ မဆုတ်မနစ် ကြိုးစားအားထုတ်တဲ့ လုံ့လ ဝီရိယတွေနဲ့ နမူနာကောင်း တွေပေးတဲ့အတွက် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီကို ဂုဏ်ပြုဆုချီးမြှင့်ရတာ ဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝဏ္ဏက ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ပြောပါတယ်။ 
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ အတူ ပြည်သူ့ ဂုဏ်ရည်အထူးဆု ရရှိကြတဲ့ မသန်စွမ်းကျောင်းဆရာမ ဒေါ်အိအိညိမ်း၊ ရန်ကုန်မြို့မှာ အမှိုက်ကောက်တဲ့လုပ်ငန်းတွေ ဆောင်ရွက် နေတဲ့ Clean Yangon Campaign အဖွဲ့၊ ပြည်တွင်း စစ် ရပ်ဆိုင်းရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ မဆွတ်ဆိုင်းထွယ်နဲ့ ရိုက်တာသတင်းထောက်အမှုက ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်တို့ကိုလည်း ချီးမြှင့်ခဲ့ပါတယ်။ 
ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ခုနှစ်က စတင်ပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ပထဆုံး ချီးမြှင့်တဲ့ ဆုကြေးငွေမှာ အမေရိကန်ဒေါ်လာ ၇၀၀၀ ဖြစ်ပြီး ဒုတိယအကြိမ်က စတင်ကာ အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိ တိုးမြှင့်ချီးမြှင့်ခဲ့ တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ အသင်းအနေနဲ့ မြန်မာနိုင်ငံက လိုအပ်တဲ့ အကူအညီတွေအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ခုနစ်သိန်းခွဲကျော် လှူဒါန်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။



One News Myanmar 

0 comments:

Post a Comment