Sunday, April 28, 2019

ရေတွန်းစက်တွင် မီးပြတ်သဖြင့် ရန်ကုန်မြို့တွင်း ရေပေးဝေရန် အခက်အခဲဖြစ်

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြောင့် ရေပေးဝေရာတွင် ရေဖိအားလျော့နည်းကျဆင်းမှုများ ဖြစ်ပေါ်ကာ အခက်အခဲရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့် သန့်ရှင်းမှုဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ 
“သင်္ကြန်မတိုင်ခင်ကဆို System Breakdown နှစ်ကြိမ်လောက်ဖြစ်တယ်။ အခုနောက်ပိုင်းကျတော့ မိုးတွင်းမရောက်ခင်မှာ သစ်ပင်သစ်ကိုင်းတွေ ခုတ်တာတွေ ရှိတော့ အဓိကရေတွန်းစက်ကြီးတွေမှာ မီးအားပြတ်တောက်တဲ့ပြဿနာက မကြာမကြာ ဖြစ်နေပါတယ်။ လျှပ်စစ်ကလည်း ဘယ်ရက်တွေမှာ ဖြတ်တောက်မယ်ဆိုတာ ကြော်ငြာပါတယ်။ အဓိကပေးဖို့ရေက လုံလုံလောက်လောက်ရှိတယ်။ လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်တဲ့အတွက် ဒီအခက်အခဲတွေနဲ့ကြုံနေပါတယ်”ဟု အဆိုပါ အကြီးတန်းအရာရှိက ရှင်းပြသည်။ 

ပင်မရေလှောင်ကန်မှ ရန်ကုန်မြို့တွင်းသို့ ရေပေးဝေသည့်အချိန်မှာ တစ်နာရီခွဲခန့်ကြာမြင့်ပြီး လျှပ်စစ်မီးပြတ်တောက်သွားသည့်အချိန်တွင် ပင်မလိုင်းတွင် ရေအားကျဆင်းသွားကာ ရေပြန်လည်ပေးဝေသည့်အချိန်တွင် ရာသီဥတုပူပြင်းသောကြောင့် သုံးစွဲမှုများသည့်အတွက် ရေဖိအားလျော့နည်းသည့် အခက်အခဲများဖြစ်ပေါ်နေကြောင်း ၎င်းကဆိုသည်။ 

ရေဖိအားလျော့နည်းကျဆင်းမှုများ ဖြစ်ပေါ်နေသောကြောင့် သက်ဆိုင်ရာမြို့နယ်များအနေနှင့် ရေချွေတာစုဆောင်း အသုံးပြုနိုင်ရန် အသိပေးကြေညာထားပြီး ရေလိုအပ်ချက်ရှိသည့် မြို့နယ်များအနေနှင့် အကူအညီတောင်းခံပါက သက်ဆိုင်ရာခရိုင်အလိုက် ကွင်းဆင်းစစ်ဆေးကာ ရေပေးဝေနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ကြေညာထားသည်။ 

ရန်ကုန်မြို့ကို သောက်သုံးရေစဉ် ဆက်မပြတ်ပေးဝေရန် လှော်ကား၊ ဂျိုးဖြူ၊ ဖူးကြီး၊ ငမိုးရိပ်ရေလှောင်ကန်နှင့် ညောင်နှစ်ပင်ရေသန့်စင်စက်ရုံမှ ရေအား၊ လျှပ်စစ်ဓာတ်အားအသုံးပြုပြီး ရေတွန်းစက်ကြီးများ လည်ပတ်မောင်းနှင်၍ မြို့နယ်အသီးသီးသို့ ရေပေးဝေလျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ 

လက်ရှိ ရေလှောင်ကန်ကြီးများ၏ ရေသိုလှောင်မှုအနေနှင့် ယခင်နှစ်ကထက် လှော်ကားကန်တွင် ကန်ရေအမြင့် ၁၃လက်မ ခန့်၊ ဖူးကြီးကန်တွင် ကန်ရေအမြင့် ၂ လက်မခန့်၊ ဂျိုးဖြူကန်တွင် ယခင်နှစ်ကန်ရေချိန် အတိုင်းသိုလှောင်ပေးဝေနိုင်၍ ယခုနှစ်နွေရာသီ ရေလိုအပ်ချက်ကို ပြည့်မီလုံလောက်စွာ ပေးဝေနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ 

မြို့နယ်အသီးသီးရှိ ထပ်ဆင့်ရေတွန်း စက်ရုံများဖြစ်သည့် ပါရမီ ရေတွန်းစက်ရုံ၊ ကျိုက္ကဆံ ရေတွန်းစက်ရုံ၊ ဂန္ဓမာ ရေတွန်းစက်ရုံ၊ မြို့ဦး ရေတွန်းစက်ရုံ၊ ရေနံ့သာ ရေတွန်းစက်ရုံ၊ သုဝဏ္ဏ ရေတွန်းစက်ရုံ၊ ရွှေအင်ကြင်း ရေတွန်းစက်ရုံ၊ ဘုရင့်နောင် ရေတွန်းစက်ရုံ၊ ရွှေပေါက္ကံ ရေတွန်းစက်ရုံ၊ သဲဖြူ ရေတွန်းစက်ရုံ၊ ရန်ကုန်ပေါက် ရေတွန်းစက်ရုံ၊ ဒလ ရေတွန်းစက်ရုံ၊ ဒဂုံတောင် ရေတွန်းစက်ရုံ အမှတ်(၁)၊ ဒဂုံတောင် ရေတွန်းစက်ရုံ အမှတ်(၂)၊ ယုဇနဥယျာဉ်မြို့တော် ရေတွန်းစက်ရုံအစရှိသည့် ရေတွန်းစက်ရုံများနှင့် မြေအောက်ရေပေးရေးစနစ်မှ ရေတွန်းစက်ရုံများ၊ ထပ်ဆင့် ရေတွန်းစက်ရုံများဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးသို့ ရေဖြန့်ဖြူးပေးဝေလျက်ရှိသည်။

The Voice

0 comments:

Post a Comment