Monday, April 29, 2019

"ကိုယ်စားလှယ်များ သတ္တိရှိရှိ ပြောရဲဆိုရဲဖို့လိုအပ်" ဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ပြော


ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် ပြဿနာများအား ဖြေရှင်းဆောင်ရွက်နိုင်ရန် လူထုကရွေးချယ်တင်မြှောက် ထားသည့် လွှတ်တော်ကိုယ်စားလှယ်များတွင် တာဝန်ရှိကြောင်းနှင့် ယင်းပြဿနာများအား ဆွေးနွေးမှုများပြုလုပ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သတ္တိရှိရှိ ပြောရဲဆိုရဲရှိဖို့လိုအပ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက ပြောကြားခဲ့သည်။ 
ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ဒသမပုံမှန်အစည်းဝေး ပထမနေ့ကို ဧပြီ ၂၉ ရက်နေ့ ယနေ့နံနက်ပိုင်းက စတင်ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 
“ကျွန်တော်တို့ဟာ ရခိုင်ပြည်သူတွေက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်များဖြစ်ပါတယ်။ ဒါကြောင့် ဒီပြဿနာတွေ ပြေလည်ဖို့အတွက် ကျွန်တော်တို့မှာ အဓိကတာဝန်ရှိပါတယ်။ ဒီကိစ္စကိုဆွေးနွေးတဲ့အခါမှာလည်း ကျွန်တော်တို့ ကိုယ်စားလှယ်တွေဟာ ပွင့်လင်းမြင်သာစွာ၊ ယထားဘူတကျကျ၊ သတ္တိရှိရှိနဲ့ ပြောရဲဆိုရဲဖို့လိုအပ်ပါတယ်။”ဟု လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ယနေ့ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ 
လက်ရှိရခိုင်ပြည်နယ်အခြေအနေမှာ ရခိုင်ပြည်သူပြည်သားများ အလွန်တရာကြီးမားသည့် ပြဿနာများနှင့် ရင်ဆိုင်နေကြရသည်ကို အားလုံးတွေ့မြင်နိုင်ကြောင်းနှင့် ယင်းပြဿနာများပြေလည်ရေးအတွက် ကိုယ်စားလှယ်များအနေဖြင့် တတ်စွမ်းသလောက် ကြိုးစားကြရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ 
“အထူသဖြင့် လူမျိုးတမျိုးနဲ့တမျိုးအကြား အမုန်းစကားမပြောမိဖို့ကို ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ ဒါကြောင့် ပြောဆိုဆွေးနွေးတဲ့အခါမှာ ခံစားချက်ကိုအခြေခံတဲ့ အမျိုးသားရေးဝါဒီတစ်ယောက်ရဲ့ အမြင်မျိုးနဲ့ ပြောဆိုဆွေးနွေးတာမျိုး ရှောင်ကြဉ်ကြပါလို့ တိုက်တွန်းပါတယ်။”ဟု ဦးစံကျော်လှက ပြောကြားခဲ့သည်။ 
ယင်းသို့ပြောဆိုဆွေးနွေးမှုများပြုလုပ်ရာတွင်လည်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြောဆိုရန်လိုအပ်ပြီး သူများကိုမထိခိုက်ရန်နှင့် ကိုယ်နှုတ်အမူအရာများအား စောင့်ထိန်းရန်လိုအပ်ကြောင်း သတိပေးပြောကြားခဲ့သည်။ 

#thefifthwavenews

0 comments:

Post a Comment