Sunday, April 28, 2019

တောင်ကြီးမြို့မှ လေးလောင်းပြိုင်အမှု ရက်စက်စွာ သတ်ဖြတ်ခံထားရခြင်းဖြစ်


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဧပြီ(၂၈)ရက်က ဖြစ်ပွားခဲ့တဲ့ လေးလောင်းပြိုင်အသတ်ခံရမှုက သေဆုံးသူတွေဟာ ပြတ်ရှ၊ ထိုးသွင်း၊ ဦးခေါင်းကြေမွ စတဲ့ဒဏ်ရာတွေနဲ့ ရက်စက်စွာ သတ်ဖြတ်ခံထားရတာ ဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ 
ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်၊ နယ်မြေ (၁၄)၊ မင်္ဂလာလမ်းရှိ မြင်းဖြူနှစ်ကောင်ဆေးတိုက် နေအိမ်မှာ အသက်(၇)လ အရွယ်ကလေးအပါအဝင် ကလေးရဲ့မိခင်၊ ဖခင်နဲ့ အိမ်အကူတို့ကို သတ်ထားတာကို အလုပ်သမားဖြစ်သူက တွေ့မြင်ခဲ့တာကြောင့် သက်ဆိုင်ရာကို အသိပေးအကြောင်းကြားခဲ့တာဖြစ်ပါတယ်။ 
သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေက သက်သေတွေနဲ့အတူ ၀င်ရောက်စစ်ဆေးရာမှာတော့ 
အသက်(၂၇)နှစ်အရွယ် စိုင်းဆေမွန်း ဆိုသူကို နေအိမ်အောက်ထပ်မှာ ဦးခေါင်းနောက်စေ့ ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ထိုးသွင်းဒဏ်ရာ(၄)ချက်၊ ဝဲနားထင် ပြတ်ရှဒဏ်ရာ(၁)ချက်၊ (ဝဲ)နဖူးညိုမဲပြီး မှောက်လျက်သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ 
အသက်(၂၃)နှစ်အရွယ်ရှိ နန်းခမ်းလှိုင်ကတော့ ဦးခေါင်း နောက်စေ့ကြေမွဒဏ်ရာ၊ နာခေါင်းသွေးထွက်၊ (ဝဲ)နားသွေးထွက်ပြီး လည်ပင်းမှာ နိုင်လွန်ကြိုးချည်လျက် အိမ်အပေါ်ထပ်မှာသေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ 
အိမ်အကူဖြစ်တဲ့ အသက်(၁၇)နှစ်အရွယ် မအေးမိုးကတော့ ဦးခေါင်းနောက်စေ့ကြေမွပြီး ဘန်နီစကျွတ်ကျွတ် ကြိုးလည်ပင်းချည်လျှက် သေဆုံးနေတာဖြစ်ပြီး အသက်(၇)လအရွယ် ကလေးငယ်ကတော့ တဘက်ပတ် လျက် ပါးစပ်ကအမြုတ်ထွက်ကာ သေဆုံးနေတာဖြစ်တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အိမ်ထဲမှာ မွှေနှောက်ရှာဖွေထားတဲ့ လက္ခဏာတွေကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ 
နေအိမ်ကနေ လက်ဝတ်ရတနာတွေနဲ့ ငွေသားစုစုပေါင်း ကျပ်သိန်း(၁၅၀၀) နီးပါးကို လူသတ်သမားက ယူဆောင်သွားတယ်လို့လည်း ကျန်ရစ်သူမိသားစုတွေက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ အဲဒီလူသတ်မှုနဲ့ ပတ်သက်လို့ တောင်ကြီးမြို့မရဲစခန်းက (ပ) ၇၉၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄နဲ့ အမှုဖွင့်ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ ဒီလူသတ်မှု အမြန်ပေါ်ပေါက်ရေးအတွက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ခရိုင်နဲ့ မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဦးခင်မောင်ဦးက ပြောပါတယ်။ 


သတင်း - ဇော်မိုးဦး
One News Myanmar 

0 comments:

Post a Comment