Sunday, April 28, 2019

အာဖဂန်ငြိမ်းချမ်းရေး တာလီဘန်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးအပေါ် မူတည်နေ


တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေးဟာ အမြဲတမ်းအပစ်အခတ်ရပ်စဲရေးကို အတိအလင်းကြေညာချက်ထုတ်ရေးနဲ့ လက်ရှိဖြစ်နေတဲ့စစ်ပွဲကို ရပ်ဆိုင်းရေးကတိပြုမှုအပေါ်မှာ မူတည်နေတယ်လို့ အာဖဂန်ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အမေရိကန်အထူးသံတမန် Zalmay Khalilzad က အခုလ(၂၈)ရက်က ပြောပါတယ်။ 
  
အာဖဂန်နွယ်ဖွား အမေရိကန်သံတမန် Khalilzad ဟာ အာဖဂန်သမ္မတ Ashraf Ghani တွေ့ဆုံဆွေးနွေးဖို့အတွက် အခုလ(၂၇)ရက်ကတည်းက ကဘူးလ်မြို့တော်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ မစ္စတာ Khalilzad ဟာ ကာတာ နိုင်ငံက တာလီဘန်တွေနဲ့တွေ့ဆုံဆွေးနွေးပွဲမတိုင်ခင် နိုင်ငံပေါင်းစုံ ခရီးစဉ်ရဲ့တစ်စိတ်တစ်ဒေသအနေနဲ့ အာဖဂန်နိုင်ငံ ကို ရောက်ရှိနေတာဖြစ်ပါတယ်။ 
  
တာလီဘန်တွေဘက်ကတော့ အာဖဂန်နိုင်ငံတွင်းက အမေရိကန်တပ်ဖွဲ့တွေကို ရုပ်သိမ်းပေးဖို့ကို အဓိကတောင်းဆို ထားတယ်လို့ မစ္စတာ Khalilzad က ပြောပါတယ်။ 
  
အမေရိကန်အစိုးရဟာ နေတိုးဦးဆောင်တဲ့မစ်ရှင်အဖွဲ့ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အာဖဂန်မှာ Resolute Support လို့ခေါ်တဲ့ တပ်ဖွဲ့ဝင်(၁၄၀၀၀)ခန့်ကို စေလွှတ်ထားတာဖြစ်ပါတယ်။ အဆိုပါ အမေရိကန်တပ်ဖွဲ့ဟာ တာလီဘန်စစ် သွေးကြွတွေ၊ အစ္စလာမ်မစ်နဲ့အယ်လ်ကိုင်းဒါးတို့လို အစွန်းရောက်အဖွဲ့တွေကို တိုက်ထုတ်နေတဲ့ အာဖဂန်အစိုးရ လုံခြုံရေးတပ်သားတွေကို လေ့ကျင့်သင်ကြားပေးတာတွေနဲ့ ထောက်ပံ့ကူညီပေးတာတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ 



ဘာသာပြန် - စုစံစိုး
One News Myanmar 

0 comments:

Post a Comment