Monday, May 25, 2020

မန္တလေးမှာ စာစစ်တာဝန်ကျတဲ့ ဆရာ/ဆရာမတွေကို အသွားအလာကန့်သတ်မည်

မန္တလေးမှာ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို စစ်ဆေးဖို့ တာဝန်ကျတဲ့ ဆရာ၊ဆရာမတွေအနေနဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာသာ နေထိုင်ရမှာဖြစ်ပြီး အ ဖြေလွှာတွေစစ်နေတဲ့ကာလအတွင်းမှာတော့ ဘယ်ကိုမှ သွားလာခွင့်ပြုမှာမဟုတ်ဘူးလို့သိရပါတယ်။
မန္တလေးမှာ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေကို စစ်ဖို့ တာဝန်ကျတဲ့ ဆရာ၊ဆရာမတွေနေထိုင်ဖို့အတွက် မန္တလေးတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်နဲ့ ပညာရေးကောလိပ်စတဲ့ နေရာတွေမှာ စီစဉ်ပေးထားပြီး အဆိုပါနေရာတွေမှာပဲ ဖြေလွှာတွေကို စစ်ဆေးရမှာဖြစ်တယ်လို့ သိရပါတယ်။
“ စာစစ်တာဝန်ကျတဲ့ ဆရာ၊ဆရာမတွေကို Quarantine ဝင်ဖို့တော့ ညွှန်ကြားချက်ထုတ်ထားတာတွေတော့မရှိပါဘူး။ဒါပေမယ့် တာဝန်ကျတဲ့ဆရာ၊ဆရာမတွေက စာစစ်ကာလအတွင်းမှာ သူတို့နေထိုင်ရတဲ့ ပတ်ဝန်း ကျင်ကလွဲပြီး အပြင်ထွက်သွားလာလို့လုံးဝမရပါဘူး။ အဲဒီကာလအတွင်းမှာလည်း ဆရာ၊ဆရာမတွေရဲ့ ကျန်းမာရေးစစ်ဆေးမှုအပိုင်းတွေ ကိုယ်ပူချိန်တိုင်းတာတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကပဲတာဝန်ယူပြီး အားလုံးဆောင်ရွက်ပေးမှာပါ” လို့ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။
ဒီနှစ်မှာတော့ မန္တလေးမှာ စာစစ်တာဝန်ကျတဲ့ ဆရာ၊ ဆရာမဦးရေက အခြေခံပညာက (၃၀၀၀)ကျော်နဲ့ အဆင့်မြင့်ပညာက (၁၀၀၀)ကျော် စုစုပေါင်းဆရာ၊ ဆရာမ ဦးရေ (၄၉၀၀)ကျော်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေကိုတော့ ဇွန်လ(၅)ရက်နေ့စပြီးစစ်ဆေးတော့မှာပါ။
အဖြေလွှာတွေကို စစ်ဆေးတဲ့ကာလကနေ အောင်စာရင်းပြုစုပြီးတဲ့အချိန်ထိ အချိန်(၂)လလောက် ကြာမြင့်မှာဖြစ်လို့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကိုတော့ သြဂုတ်လအတွင်းမှသာ ထုတ်ပြန်နိုင်မှာဖြစ်တယ်လို့လည်း ပညာရေးဝန်ကြီးဌာနမှသိရပါတယ်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ စုစုပေါင်း ကျောင်းသား၊ကျောင်းသူဦးရေ (၇) သိန်းကျော်ဝင်ရောက်ဖြေဆိုခဲ့တာဖြစ်ပါတယ်။
Ref ; Duwun

0 comments:

Post a Comment