Tuesday, May 26, 2020

COVID-19 ကူးစက်မှု လျော့ကျသွားတဲ့ နေရာတွေမှာ ဒုတိယအကြိမ် အမြင့်ဆုံးဖြစ်နိုင်မှု WHO သတိပေး

COVID-19 ကူးစက်မှုနှုန်း လျော့ကျသွားတဲ့ နိုင်ငံတွေမှာ ရောဂါကူးစက်ဖြစ်ပွားမှု ရပ်တန့်ရန် အစီအမံများကို အလွန်စောစီးစွာ ရုပ်သိမ်းလိုက်ပါက ဒုတိယအကြိမ် ကူးစက်မှုအမြင့်ဆုံး အခြေအနေ ချက်ချင်းဖြစ်လာနိုင်ဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက သတိပေးပါတယ်။
ကမ္ဘာဟာ COVID-19 ကူးစက်ဖြစ်ပွားမှု ပထမလှိုင်းအလယ်မှာ ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ Mike Ryan က မေ ၂၅ ရက် အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံအ များအပြားမှာ ကူးစက်ဖြစ်ပွားမှုတွေ လျော့နည်းသွားစဥ် ဗဟိုအမေရိက၊ တောင်အမေရိက၊ တောင်အာရှနဲ့ အာဖရိကမှာ COVID-19 ဖြစ်ပွားမှုများ မြင့်တက်နေဆဲဖြစ်ကြောင် ၎င်းက ထောက်ပြပါတယ်။
ကူးစက်ရောဂါဟာ မကြာခဏ လှိုင်းများအသွင် ဖြစ်လာတတ်ကြောင်းနဲ့ ပထမလှိုင်း ကြုံခဲ့ရပြီးတဲ့ နေရာတွေမှာ ယခုနှစ် နှောင်းပိုင်းအရောက် နောက်ထပ်လှိုင်းတစ်ခု ပြန်ဖြစ်လာနိုင်ကြောင်း Mike Ryan က ရှင်းပြပါတယ်။ ထို့အတူ ကူးစက်ရောဂါ ပထမလှိုင်းကို ရပ်တန့်ရန် အစီအမံများအား အလွန်စောစီးစွာ ရုပ်သိမ်းလိုက်ပါကလည်း ကူးစက်မှုနှုန်းများ နောက်တစ်ကြိမ် ပိုမိုလျင်မြန်စွာ မြင့်တက်လာနိုင်တဲ့ အလားအလာရှိတယ်လို့ ဆိုပါတယ်။
ဥရောပနဲ့ မြောက်အမေရိကမှာ အများပြည်သူကျန်းမာရေးနဲ့ လူအချင်းချင်း ခပ်ခွာခွာနေစေတဲ့ အစီအမံများ၊ စောင့်ကြည့်မှုများ၊ ဗိုင်းရပ်စ်စစ်ဆေးမှုများနဲ့ ကူးစက်မှုနှုန်း လျော့ကျနေစေရန် ကျယ်ပြန့်တဲ့ နည်းဗျူဟာများ ဆက်လက် ဆောင်ရွက်သင့်ပြီး ကူးစက်မှုအမြင့်ဆုံး ချက်ချင်း ပြန်မဖြစ်လာရန် လုပ်ဆောင်သင့်ကြောင်း Mike Ryan က ပြောခဲ့ပါတယ်။
လတ်တလော သီတင်းပတ်များအတွင်း ဥရောပမှ နိုင်ငံအများအပြားနဲ့ အမေရိကန်နိုင်ငံက COVID-19 ကူးစက်မှုထိန်းချုပ်ရေး lockdown အစီအမံတွေကို ဖြေလျှော့ရုပ်သိမ်ရန် စတင်ပြင်ဆင်လာခဲ့ကြပါတယ်။ သွားလာလှုပ်ရှားမှု ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ထားမှုတွေကြောင့် ကမ္ဘာတစ်ဝှမ်း စီးပွားရေးထိ ခိုက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရပါတယ်။ ယနေ့ (မေ ၂၆ ရက်) မနက်အစောပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၅.၅ သန်းကျော်၊ သေဆုံးသူ ၃.၄ သိန်းကျော်နဲ့ ပြန်လည်သက်သာလာသူ ၂.၃ သန်းကျော်ရှိခဲ့ပါတယ်။
Ref ; Duwun

0 comments:

Post a Comment