Tuesday, September 18, 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် န၀မပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်း ၁၀ခု အတည်ပြုနိုင်ခဲ့



ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် န၀မပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်း ၂၈ ခု ဆွေးနွေးဆောင်ရွက်ခဲ့ပြီး ၁၀ ခုကို အတည်ပြုနိုင်ခဲ့ ကာ ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၈ခုကျန်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌက စက်တင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။ 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် န၀မပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားရာတွင်ယင်းသို့ ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။ 

“ဒီကာလ အတွင်း အစည်းအဝေး ကျင်းပရက် (၁၉) ရက်ရှိခဲ့ပြီး ကြယ်ပွင့်ပြ မေးခွန်း (၁၂၃)ခု မေးမြန်း ဖြေကြားခြင်း၊ ကြယ်ပွင့် မပြမေးခွန်း (၂၁၄)ခု ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ အဆို (၁၁)ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို (၆)ခု၊ မှတ်တမ်းတင်အဆို (၅)ခု တို့ ဖြစ်ကြပါတယ်။ ဥပဒေကြမ်းများအနေနဲ့ ဆွေးနွေး ဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း (၂၈)ခု ရှိပြီး ဥပဒေကြမ်း (၁၀)ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဆက်လက် ဆောင်ရွက်ရန် ဥပဒေကြမ်း(၁၈)ခု ကျန်ရှိပါတယ်။ ဒီအစည်းအဝေး ကာလအတွင်း ပြည်သူ့လွှတ်တော် ကော်မတီ(၆)ခုရဲ့ နှစ်ပတ်လည် အစီရင်ခံစာများကို အတည်ပြုခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃)ဦးကို ကော်မတီအဖွဲ့ဝင်များအဖြစ် ထပ်မံထည့်သွင်းဖွဲ့စည်းခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။”ဟု ပြည်သူ့လွှတ်တော်ဥက္ကဌက ပြောကြားခဲ့သည်။ 

ထို့အတူ ပြည်သူလူထုခံစားနေရသည့် အခက်အခဲများ ၊ အကျပ် အတည်းများ၊ ပြဿနာများကို မေးခွန်း၊ အဆို၊ ဥပဒေကြမ်းများအဖြစ် ပြောင်းလဲပြီး လွှတ်တော်လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေကြရပြီး၊ လွှတ်တော်၏ စည်းမျဉ်း၊ စည်းကမ်းများကို လေးစား လိုက်နာပြီး ပြည်သူများ၏ မျှော်လင့်ချက်၊ ဆန္ဒများကို တာဝန် ကျေပွန်စွာ ထမ်းဆောင်ပေးကြရန်လည်း ပြည်သူ့လွှတ်တော်ဥက္ကဌက လွှတ်တော်ကိုယ်စားလှယ်များအား မှာကြားခဲ့သည်။ 


The Ladies News 

0 comments:

Post a Comment