Sunday, September 2, 2018

ရွေးကောက်ပွဲကြေညာစာတမ်းများသည် အာလူးမဟုတ်ဘဲအစိုးရကအကောင်အထည်ဖော်ပေးရမည်ဟု ဆို

ရွေးကောက်ပွဲကြေညာစာတမ်းများသည် အာလူးမဟုတ်ဘဲအစိုးရကအကောင်အထည်ဖော်ပေးရမည် ဖြစ်ကြောင်း ဒဂုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။ 
ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် စက်တင်ဘာ ၂ ရက်က ကျင်းပသော ရေနွေးကြမ်းစကားဝိုင်းတွင် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

“ရွေးကောက်ပွဲ ကြေညာစာတမ်းကိုတော့ ပါတီအားလုံးက ဒါကောင်းသည်ပဲရေးမှာပဲလေ။ ကောင်းတာတွေပဲ ရေးမှာပဲ။ အဲဒီကောင်းတာတွေကိုရေးပြီးတော့ အဲဒါတွေက အာလူးမဟုတ်ဘဲနဲ့ အဲဒီအတိုင်း အကောင်အထည် ဖော်နိုင်ရမယ်။ တိုင်းဒေသကြီးအစိုးရဆို ၀န်ကြီးချုပ်နဲ့ဝန်ကြီးတွေပေါ့။ သူတို့ခေါင်းဆောင်မှုကောင်းရင် အကုန် လိုက်ကောင်းမယ်။ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ရွေးကောက်ပွဲကြေညာစာတမ်းနဲ့ ဘယ်လောက် ညီအောင်လုပ်ခဲ့သလဲ ကျွန်တော်ပြန်တိုင်းတယ်။ ၂၀၁၅ ရွေးကောက်ပွဲကြေညာစာတမ်းမှာ မြို့ပြဖွံဖြိုးရေး စီမံကိန်း ၅ ချက်ပါတယ်။ အဲဒီကြေညာစာတမ်းမှာ မြို့သစ်တည်မှာတစ်ခုမှမပါဘူး။ အခု ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရက မြို့သစ်တည်မယ်။လက်ရှိ မြို့ရဲ့ ရေ၊ မီး၊ မိလ္လာစနစ်ကို ပြုပြင်မယ်ဆိုထားတယ်။ ယနေ့ကိုက်ညီရဲ့လား’’ဟု ဦးကျော်ဇေယျက ပြောသည်။ 

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကြေညာစာတမ်းတွင် မြို့ပြဖွံဖြိုးရေးစီမံကိန်းအချက် ၅ ချက်ပါပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကောင်းမွန်ရေး၊ မြို့တော်စိမ်းလန်းစိုပြေရေး၊ မြို့တော် ရေ ၊မီး ၊မိလ္လာစနစ်ကောင်းမွန်ရေး၊ နေထိုင်ချို့တဲ့သူများအား အိမ်ရာတည်ဆောက်ပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။ 

ဦးကျော်ဇေယျသည် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ သြဂုတ်လ ၂၇ ရက်၊ ရက်စွဲဖြင့် ပါတီမှပေးအပ်ထားသည့် တာဝန်များကို ရပ်ဆိုင်းခံထားရသူတစ်ဦးလည်း ဖြစ်သည်။ 



မင်းသီဟန်(အကုန်သိသတင်းဌာန) 

0 comments:

Post a Comment