Thursday, September 20, 2018

လက်တွေ့ဖြစ်မြောက်ဖို့ ပိုမိုနီးစပ်လာတဲ့ အာကာသအပျော်ခရီး


Image may contain: sky, cloud, outdoor, water and natureImage may contain: 1 person, smilingImage may contain: aeroplane


အာကာာသထဲကို လူတွေ အလည်အပတ်ခရီးသွားနိုင်မယ်ဆိုတဲ့ကိစ္စဟာ လက်တွေ့နဲ့ အနီးစပ်ဆုံးဖြစ်လာပါပြီ။ SpaceX ဟာ အာကာသထဲ ပျံသန်းပြီး လကို တစ်ပတ်ပတ်မယ့်ခရီးစဉ်အတွက် ပထမဆုံးစီးနင်းလိုက်ပါခွင့်ရမယ့် ခရီးသည်ကို အခုသီတင်းပတ်မှာတရားဝင်အတည်ပြုကြေညာခဲ့ပါတယ်။
SpaceX ရဲ့ အမှုဆောင်ချုပ် အီလွန်မတ်စ်က ပုဂ္ဂလိက အစီအစဉ်တစ်ခုနဲ့ အာကာသထဲ ခရီးထွက်မယ့် ပထမဆုံးပုဂ္ဂိုလ်အဖြစ် ဂျပန်စီးပွားရေးလုပ်ငန်းရှင် ယူဆာကူမီဇာဝါက မှတ်တမ်းသစ်ရေးထိုးနိုင်လိမ့်မယ်လို့ အခုသီတင်းပတ်ထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ မီဇာဝါဟာ SpaceX ရဲ့ ဒုံးပျံကြီးကို စီးနင်းပြီး အာကာသထဲကို ငါးရက်ကြာ အပျော်ခရီးထွက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ်ဟာ ကမ္ဘာကနေ လဆီပျံသန်းပြီး လရဲ့ မျက်နှာပြင်ကို တစ်ပတ်ပတ်ပြီးချိန်မှာ ကမ္ဘာမြေဆီ ပြန်လာဖို့ သတ်မှတ်ထားပါတယ်။
SpaceX ဟာ အမေရိကန် အာကာသအေဂျင်စီ (နာဆာ)နဲ့ ကန်ထရိုက်စာချုပ်ချုပ်ဆိုပြီး နိုင်ငံတကာအာကာသစခန်း(အိုင်အက်စ်အက်စ်)အတွက် လိုအပ်တဲ့ပစ္စည်းတွေ ပို့ဆောင်ပေးနေတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုပါ။ ဒီထက်ပိုပြီးကြီးမားတဲ့ ရည်မှန်းချက်အဖြစ် SpaceX ရဲ့ အမှုဆောင်ချုပ် မတ်စ်က အာကာသထဲ အပျော်ခရီးစီစဉ်ပေးမယ့် ပထမဆုံးကုမ္ပဏီအဖြစ် ရပ်တည်နိုင်ဖို့လည်း ကြိုးစားနေပါတယ်။ဒီရည်မှန်းချက်ဟာ အခုတော့ သေသေချာချာ ရုပ်လုံးပေါ်စပြုလာပါပြီ။ SpaceX ဟာ မီဇာဝါကို ၂၀၂၃ လောက်မှာ အာကာသထဲ ပထမဆုံးအကြိမ် ပုဂ္ဂလိက ခရီးစဉ်အဖြစ် ပို့ဆောင်ပေးဖို့ စိုင်းပြင်းနေပါတယ်။
မီဇာဝါက သူ့ရဲ့ ခရီးစဉ်မှာ အတူလိုက်ပါဖို့ ကမ္ဘာအနှံ့က အနုပညာရှင် ခြောက်ယောက်ကနေ ရှစ်ယောက်လောက်ကိုခေါ်ဆောင်သွားမယ် လို့ ပြောကြားခဲ့ပါတယ်။ ဂျပန်ရဲ့ အကြီးဆုံးအွန်လိုင်းဖက်ရှင်ဝက်ဘ်ဆိုက်ကြီး Zozotown ကို ပိုင်ဆိုင်ထားတဲ့ မီဇာဝါဟာ ဒီခရီးစဉ်အတွက် SpaceX ကို ငွေကြေးဘယ်လောက်ပေးခဲ့ရတယ်ဆိုတာကိုတော့ တိတိကျကျမပြောခဲ့ပါဘူး။ သတင်းတွေကတော့ အဲဒီခရီးအတွက်ဒေါ်လာသန်း ၁၀၀ ကျော်လောက် မီဇာဝါကုန်ကျခဲ့လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ အသက် (၄၂)နှစ်အရွယ် မီဇာဝါက သူရွေးချယ်ခေါ်ယူသွားမယ့် အနုပညာရှင်တွေအတွက် တစ်ပြားမှ ငွေကြေးယူမှာမဟုတ်ကြောင်းပြောပါတယ်။
‘‘ဒီခရီးစဉ်ကို ဖြစ်နိုင်သမျှလူအရေအတွက် အများဆုံးဆီကို ဝေမျှပေးချင်တာပါ။ ဒါကြောင့်လည်း လဆီကို ခရီးထွက်တဲ့အခါ အနုပညာရှင်တွေကို ဖိတ်ကြားသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါမှသာ သူတို့ရဲ့ အနုပညာစွမ်းရည်နဲ့ ဒီအကြောင်းကို ပြန်လည်မျှဝေနိုင်မှာပါ’’လို့ ဘီလျံနာသူဌေးကြီး မီဇာဝါက ဆိုတယ်။ လောလောဆယ် ဘယ်သူတွေကို ဖိတ်ကြားခေါ်ဆောင်သွားမလဲဆိုတာကို မီဇာဝါက မဆုံးဖြတ်သေးပါဘူး။
မတ်စ်ကတော့ မီဇာဝါဟာ သူလုပ်ချင်တဲ့ ကိစ္စတစ်ခုကို ဖြစ်မြောက်အောင် ဖန်တီးယူဖို့ ငွေအများကြီး အကုန်အကျခံခဲ့ကြောင်း ဆိုပါတယ်။ အာကာသထဲ ပထမဆုံးအကြိမ် အလည်အပတ် ခရီးထွက်မယ့် ခရီးစဉ် ကို မီဒီယာတွေရှေ့မှောက်ကြေညာချိန်မှာ မီဇာဝါက မတ်စ်ကိုလည်း သူနဲ့အတူ လိုက်ခဲ့ဖို့ ဖိတ်ကြားခဲ့ပါတယ်။ မတ်စ်က ‘‘ကျွန်တော်တို့ နှစ်ယောက်စလုံး အဲဒီအာကာသယာဉ်ပေါ်မှာ ရှိချင်ရှိနေမှာပေါ့’’လို့ တုံ့ပြန်ခဲ့ပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲ အခမ်းအနားမှာပဲ မတ်စ်ကအဆင့်မြှင့်တင်ထားတဲ့ BFR ဒုံးပျံအသစ်ရဲ့ ဒီဇိုင်းကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီဒုံးပျံဟာ ၁၁၈ မီတာထိ အမြင့်ရှိပါတယ်။ ဒါကြောင့် လပေါ်ကို အမေရိကန် အာကာသယာဉ်မှူးတွေ ဆင်းသက်ရာမှာ အသုံးပြုခဲ့တဲ့ Apollo ဒုံးကျည်တွေထက် ပိုပြီး ရှည်လျားပါတယ်။ BFR မှာ နောက်မြီးအတောင်သုံးခုပါရှိပြီး နှစ်ခုက မြေပြင်ပေါ် ဆင်းသက်ချိန်တွေမှာ ဟန်ချက်ထိန်းညှိဖို့ အဓိကတည်ဆောက်ထားပါတယ်။ BFR ဒုံးပျံတွေ အဆင်သင့်အသုံးပြုနိုင်တဲ့ အခြေအနေထိရောက်ဖို့အတွက် ဒေါ်လာ ငါးဘီလီယံလောက် ရင်းနှီးမြှုပ်နှံရနိုင်ကြောင်း မတ်စ်က သုံးသပ်ပါတယ်။
ဒီဒုံးပျံရဲ့ ပထမဆုံးအကြိမ် လက်တွေ့ပျံသန်းမှုကို ၂၀၁၉ ထဲမှာ ပြုလုပ်သွားပါမယ်။ ပိုမြန်တဲ့၊ ခရီးပိုရှည်တဲ့ စမ်းသပ်မှုတွေကိုလည်း ၂၀၂၀ နဲ့ ၂၀၂၁ တွေမှာ ထပ်မံဆောင်ရွက်သွားမှာပါ။ ၂၀၂၃ မှာ လကို ပတ်ပျံမယ့် ခရီးစဉ်ဖြစ်မြောက်ဖို့ အတော်လေးနီးစပ်ပေမယ့် ရာနှုန်းပြည့်တော့မသေချာသေးဘူးလို့ မတ်စ်က ဆိုတယ်။ ‘‘ကျွန်တော်တို့အခုပြောဆိုနေတာက ဧရာမ ဒုံးပျံကြီးတစ်စင်းအကြောင်းလေ။ အဆင့်အမြင့်ဆုံးနည်းပညာတွေ ပါဝင်နေတယ်။ သတ်မှတ်ချိန်အမီ ပျံသန်းဖို့ အဆင်သင့်ဖြစ်နေပါမယ်ဆိုတာမျိုး လောလောဆယ် ကျွန်တော်ရာနှုန်းပြည့် အာမ မခံနိုင်ပါဘူး’’လို့ မတ်စ်က ပြောပါတယ်။
မီဇာဝါ လိုက်ပါသွားမယ့် အာကာသအပျော်ခရီးမှာ လမျက်နှာပြင်ပေါ် ဆင်းသက်ဖို့တော့ ရည်ရွယ်ချက် မရှိပါဘူး။ လပေါ်ကို လူသားတွေ ဆင်းသက်ဖို့ဆိုတာကလည်း အထူးပြင်ဆင် လေ့ကျင့်မှုတွေ လိုအပ်ပြီး အန္တရာယ်များလွန်းတဲ့ စိန်ခေါ်မှုတွေရှိနေတာကြောင့်ပါ။ လမျက်နှာပြင်ပေါ်ထိ ဆင်းသက်ဖူးသူ ၂၄ ဦးပဲရှိခဲ့ပြီး အားလုံးက အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။
SpaceX ကတော့ မီဇာဝါကို တင်ဆောင်ပျံသန်းမယ့်ခရီးစဉ်ဟာ အနာဂတ်ကာလ အာကာသခရီးသွား လုပ်ငန်းတွေရဲ့ ကနဦး ခြေလှမ်းတစ်ရပ်လို့ ညွှန်းဆိုထားပါတယ်။ ကမ္ဘာရဲ့ ဂြိုဟ်ရံလကို အောင်အောင်မြင်မြင် ခရီးထွက်ပြီးရင် နောင်တစ်ချိန်မှာ နေအဖွဲ့အစည်းထဲက မားစ်ဂြိုဟ်လို နေရာတွေထိ အာကာသအပျော်ခရီးတွေ သွားရောက်နိုင်လာဖို့ SpaceX က ရည်မှန်းထားပါတယ်။
မီဇာဝါရဲ့ ခရီးစဉ်ဟာ စိတ်ဝင်စားစရာ ဖြစ်လာမှာတော့ သေချာပါတယ်။ လပေါ်ကို လူတွေခြေမချတော့တာ ၁၉၇၂ နောက်ပိုင်း ကတည်းကပါပဲ။ သူဟာ လရဲ့ မျက်နှာပြင်ကို အနီးကပ်ဆုံး ချဉ်းကပ်ခွင့်ရမယ့် အမေရိကန်ပြင်ပ နိုင်ငံသားတစ်ယောက်လည်း ဖြစ်လာမှာပါ။ လောလော ဆယ်တော့ မီဇာဝါက သူ့ရဲ့စိတ်လှုပ်ရှားစရာ စွန့်စားမှုခရီးစဉ်အတွက် ဝက်ဘ်ဆိုက်တစ်ခု ကြိုတင်ဖွင့်လှစ်ပြီး သတင်းအချက်အလက်တွေ မျှဝေဖို့ပါ စီစဉ်ပေးထားပါတယ်။
7Day

0 comments:

Post a Comment