Thursday, September 20, 2018

မလေးရှားမူးယစ်ဆေးဝါးမှုနှင့်ပတ်သက်၍ ၉ ကြိမ်မြောက်ရုံးချိန်းတွင် ဦးဆောင်ဖမ်းဆီးရာတွင် ပါဝင်သူ ဒုရဲမှူးစိုးနိုင်ကို စစ်ဆေးခဲ့


Image may contain: plant and outdoor


မလေးရှားနိုင်ငံတွင်ဖမ်းဆီးရမိခဲ့သော စံချိန်တင်မူးယစ်ဆေးဝါးအမှုနှင့်ပတ်သက်၍ ဦးဆောင်ဖမ်းဆီးရာတွင် ပါဝင်သူ ဒုရဲမှူးစိုးနိုင်ကို စစ်ဆေးခဲ့ကြောင်း သိရသည်။ 
ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ ယနေ့(စက်တင်ဘာလ ၂၀)၌ ပြစ်မှုကျူးလွန်မှုဖြင့်ဖမ်းဆီထားသော မင်းနိုင်၊ မောင်မောင်(ခ) ဟာဂျီယာဆင်၊ ဇေယျာဟိန်း တို့ ၃ ဦးကိုရုံးထုတ်စစ်ဆေးခဲ့ရာတွင် ၎င်းတို့ကို ဖမ်းဆီးရာ၌ အဓိကဦးဆောင်သူဖြစ်သည့်မူးယစ်တပ်ဖွဲ့စု(၄၀)ကဒုရဲမှူးစိုးနိုင်ကိုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ 
တရားခွင်အတွင်းစစ်ဆေးရာ၌ တရားခံဘက်ကအမှုလိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင်က စံချိန်တင်ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးအမှုတွဲ၌ ပါဝင်ပတ်သက်မှုဖြင့် မလေးရှားနိုင်ငံတွင် ဖမ်းဆီးထားသော ၆ ဦး (မြန်မာ ၃၊ မလေး ၃)နှင့် မောင်မောင်(ခ)ဟာဂျီယာဆင်တို့လုံးဝပတ်သက်မှုမရှိသည်ကို သိရှိပါသလားဟုမေးမြန်းရာ “ကျွန်တော်မသိပါ” ဟုဒုရဲမှူးစိုးနိုင်ကထွက်ဆိုခဲ့သည်။ 
ထို့အပြင် မောင်မောင်(ခ)ဟာဂျီယာဆင်နေအိမ်၌ရှာဖွေရာ၌ မူးယစ်ဆေးဝါးများရောင်းချရာတွင် ရရှိသော အကျိုးအမြတ်ဖြင့်ဝယ်ယူထားခြင်းဟုယူဆရသောရတနာ ၁၉ မျိုးနှင့် လက်ဆပ် ယာဉ်အမျိုးအစားအား တွေ့ရှိသိမ်းရမိခဲ့သည့်အပေါ်၌ မူးယစ်ဆေးဝါးရောင်းချရာမှရရှိသည့်ငွေများဖြင့် ဝယ်ယူခြင်းဆိုသည်မှာ မှန်ပါသလား ဆိုသည့်မေးခွန်းကို အတိအကျမဖြေဆိုနိုင်ခဲ့ပေ။
သို့ရာတွင် မောင်မောင်(ခ)ဟာဂျီယာဆင်နှင့်ဇနီးမဝင်းဝါထွန်းတို့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားငွေစီမံခန့်ခွဲမှုဌာန၌လိုင်စင်ဖြင့် အခွန်အခများပေးဆောင်ပြီးရရှိသော သမာအာဇီဝကျသော အခကြေးငွေများဖြင့် အဆိုပါရတနာ ၁၉ မျိုးနှင့်ကားကိုဝယ်ယူနိုင်သည်ဆိုသည့် ရှေ့နေ၏မေးခွန်းအပေါ် “ကျွန်တော်မသိပါ” ဟု လိုပြသက်သေဒုရဲမှူးစိုးနိုင်က ထွက်ဆိုခဲ့သည်။
မောင်မောင်(ခ)ဟာဂျီယာဆင်နေထိုင်သော တာမွေမြို့၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်းတွင်ရှိ အမှတ်(၅၀) တိုက်၊ ပထမထပ်နေအိမ်သို့ မူးယစ်ဆေးဝါးများရှာဖွေစဉ်အချိန်က ဆေးဝါးနှင့်ပတ်သက်သောအရာ တစ်စုံတစ်ခုမျှမတွေ့ရှိခဲ့သော်လည်း မူးယစ်ဆေးဝါးများတင်ပို့သောကွန်တိန်နာနှင့်ပတ်သက်သည့် အချက်အလက်ဆိုင်ရာများကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းမှာ ကွန်တိန်နာအမှတ် - ၉၉၁၁၅၂၁ ဖြစ်ကြောင်း ဒုရဲမှူးစိုးနိုင်ကအတိအလင်းထွက်ဆိုသွားခဲ့သည်။
ထို့နောက် ရုံးချိန်းကို လာမည့်စက်တင်ဘာလ ၂၇ ရက်သို့ ၁၀ ကြိမ်မြောက်ရုံးချိန်းအဖြစ် ပြန်လည်စစ်ဆေးရန် အမှုစစ်ခရိုင်တွဲဘက်တရားသူကြီးမှ ပြန်လည်ချိန်းဆိုခဲ့သည်။
မလေးရှားနိုင်ငံတွင်း မူးယစ်ဆေးဝါးများတွေ့ရှိမှုဖြင့် မင်းနိုင်၊ မောင်မောင်(ခ) ဟာဂျီရာဆင်း၊ ဇေယျာဟိန်း (ခ)ဇေယျာ (ခ) မိုဟာမက်တာရစ်ပဲ (ခ) ဟိန်းလေးနှင့် တရားခံပြေးဖြစ်သည့် ချင်ကျားမူ (ခ)မကျားဝေ (ခ) နှင်းဦးလွင်နှင့် ဟူစိန်(ခ)မိုဟာမက်ဟူစိန်တို့ကို ခရိုင်တရားရုံးတွင် ရာကြီးမှုအမှတ်- ၈၄/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ- ၂၀(ခ)/ ၂၂(က) ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ယခုအမှု၌ တင်သွင်းထားသော တရားလိုပြသက်သေ ၂ ဦးကိုစစ်ဆေးပြီးသည့်အတွက် ထပ်မံစစ်ဆေးရန် လိုပြသက်သေ ၆၇ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။ 
AKon Thi

0 comments:

Post a Comment