Thursday, September 20, 2018

သမ္မတနှင့် အတိုင်ပင်ခံ ရုပ်ပုံသုံး မဲဆွယ်သည့် အန်အယ်လ်ဒီ အမတ်လောင်းကို ကန့်ကွက်

Image may contain: 1 person, standing and outdoor

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ တာမွေမဲဆန္ဒနယ်ကနေ အန်အယ်လ်ဒီကိုယ်စားပြု ဝင်ရောက်ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်း မဲဆွယ်ရာမှာ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဓာတ်ပုံတွေအသုံးပြုတဲ့အပေါ် ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်စာ ပေးပို့ထားတယ်လို့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ တာမွေမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ရွေးချယ်ခံမယ့် ဦးတိုးလွင်အနေနဲ့ မဲဆွယ်စည်းရုံးရာမှာ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရုပ်ပုံတွေကို အသုံးပြုမဲဆွယ်နေတာကြောင့် ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်စာပေးပို့ထားတယ်လို့ တာမွေမဲဆန္ဒနယ်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေ ဝင်ပြိုင်မယ့် ဦးမျိုးဝင်းကျော်က ဆိုပါတယ်။

အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းအနေနဲ့ အခုလို မဲဆွယ်စည်းရုံးရာမှာ ဖွဲ့စည်းပုံအခြေဥပဒေပုဒ်မ ၆၄ နဲ့ ပုဒ်မ ၂၃၂ (ဋ) တွေအရ ကိုက်ညီမှုမရှိတဲ့အတွက် ကန့်ကွက်တာလို့ ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်လို့ မျှော်လင့်တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်တာလို့လည်း ဆိုပါတယ်။

အခုမဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ဘဏ္ဍာကို အသုံးပြုပြီး သွယ်ဝိုက်တဲ့နည်းနဲ့ မဲဆွယ်နေတယ်လို့လည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးနေမျိုးအောင်က ဝေဖန်ပါတယ်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ် ၁၃ ခုအနက် ၁၀ ခုသာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မဲဆန္ဒနယ် ၁၀ ခု စလုံး အောင်နိုင်ရေးအတွက် မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၃ နေရာလုံး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
DVB

0 comments:

Post a Comment