Sunday, September 2, 2018

သုံးခွမြို့အနီး သောင်တင်နေသည့် အင်ဒိုနီးရှား ကုန်တင်သင်္ဘောကို အခြားသင်္ဘောတစ်စင်းက ဆွဲယူခဲ့ခြင်း ဖြစ်နိုင်ပြီး သင်္ဘောပိုင်ရှင်နှင့် အဆက်အသွယ်ရပါက သင်္ဘောအား အမြန်ဆုံး ဆယ်ယူနိုင်ရန် ညှိနှိုင်းဆောင်ရွက်မည်ဟု သိရ


သုံးခွမြို့တောင်ဘက်စွန်း မြန်မာ့ပင်လယ်ပြင်တွင် သောင်တင်နေသည့် အင်ဒိုနီးရှား ကုန်တင်သင်္ဘောကို အခြားသင်္ဘောတစ်စင်းက ဆွဲယူခဲ့ခြင်းဖြစ်နိုင်ပြီး သင်္ဘောပိုင်ရှင်နှင့် အဆက်အသွယ်ရပါက သင်္ဘောအား အမြန်ဆုံး ဆယ်ယူနိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။ 
“သင်္ဘောအရှေ့ဘက်ပိုင်းမှာ ကြိုးတစ်ချောင်း တွေ့ရတော့ ဆွဲလာတဲ့ကြိုး ဖြစ်နိုင်ပြီး တခြားသင်္ဘော တစ်စင်းက ဆွဲယူလာပြီးမှ ကိုယ်လွတ်ရုန်းထား ခဲ့တယ်လို့လည်း ယူဆရပါတယ်။ ခုလောလောဆယ်တော့ ပိုင်ရှင်ကိုသိရပြီး အဆက်အသွယ်ရဖို့ ဆောင်ရွက်နေပါတယ်။ ဆက်သွယ်ရပြီးတာနဲ့ အမြန်ဆုံး ဆယ်ယူနိုင်ဖို့ ညှိနှိုင်းဆောင်ရွက် သွားမှာပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

သုံးခွမြို့နယ် သမစိတ္တကျေးရွာမှ ရေမိုင်ခြောက်မိုင်ခန့်အကွာတွင် သြဂုတ် ၂၈ ရက်က အင်ဒိုနီးရှားနိုင်ငံ အလံတင် ကုန်တင်သင်္ဘောတစ်စင်း လာရောက် သောင်တင်နေသည်ကို ရေလုပ်သားများက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းသင်္ဘောပေါ်တွင် လိုက်ပါလာသူများမှာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။ 

အဆိုပါသင်္ဘောမှာ အင်ဒိုနီးရှားနိုင်ငံ အလံတင် ကုန်သေတ္တာတင် သင်္ဘောဖြစ်ပြီး အလျား ၁၇၇ ဒသမ ၃၅ မီတာ၊ အနံ ၂၇ ဒသမ ၉၁ မီတာ၊ အလေးချိန် ၂၆၅၁၀ တန် ရှိပြီး သင်္ဘောအမည်မှာ SAM RATULAN – GIPD 1600 ဖြစ်ကာ ၂၀၀၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းသင်္ဘောရှိရာသို့ သြဂုတ် ၃၀ ရက်က တပ်မတော် (ရေ) က ဦးဆောင်၍ တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ကြပြီး တွေ့ရှိချိန်တွင် သင်္ဘောမှာ ခါးကျိုးလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။ ထိုသို့ မြန်မာရေပိုင်နက်အတွင်း တွေ့ရှိရသည့် သင်္ဘောမှာ ၂၀၀၉ ခုနှစ်က တောင်တရုတ်ပင်လယ်ပြင်အတွင်း ပျောက်ဆုံးခဲ့ကြောင်း သိရသည်။ 

မြန်မာ့ရေပိုင်နက်အတွင်း တွေ့ရှိခဲ့သည့် သင်္ဘောနှင့်ပတ်သက်ပြီး အခြားသင်္ဘောတစ်စင်းက ဆွဲယူလာခြင်း ဖြစ်နိုင်ပြီး မျောပါ၍ ကမ်းခြေသို့ တင်ခဲ့ခြင်း သို့မဟုတ် ရည်ရွယ်ချက်ဖြင့် မျှောခဲ့ကြောင်း သို့မဟုတ် ဆွဲယူမရသဖြင့် စွန့်ပစ်ခဲ့ကြောင်း ဖြစ်နိုင်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ 

ရရှိထားသော သင်္ဘောအမည်နှင့် အချက်အလက်များ မှန်ကန်ကြောင်း အတည်ပြုပြီးသည့်အခါ သင်္ဘောမှတ်ပုံတင်နိုင်ငံ၏ အဖွဲ့အစည်း (ရေကြောင်းအာဏာပိုင်) နှင့် သင်္ဘောပိုင်ရှင်တို့အား သတင်းပေးပို့ အကြောင်းကြားမည် ဖြစ်ကြောင်း၊ သင်္ဘောသောင်တင်သည့် နေရာအနီးတွင် အန္တရာယ်ရှိကြောင်း ရေကြောင်း သတိပေး ကြေညာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ရေထုညစ်ညမ်းမှု ပေါ်ပေါက်ခြင်း ရှိမရှိ စစ်ဆေးပြီး လိုအပ်သည်များကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သင်္ဘောပိုင်ရှင်နှင့် ဆက်သွယ်မှုရရှိပါက သင်္ဘောအား အမြန်ဆုံး ဆယ်ယူနိုင်ရန် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

ရွှန်းလဲ့ဝင်း
Eleven Media Group

0 comments:

Post a Comment