Sunday, September 23, 2018

ရှမ်းပြည်နယ်အတွင်းရှိ ပုဂ္ဂလိက တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၀င်ရောက်ထိန်းချုပ်နိုင်ခြင်းမရှိဟု ဆို

Image may contain: sky and outdoor

ရှမ်းပြည်နယ်အတွင်းရှိ ပုဂ္ဂလိက တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ၀င်ရောက်ထိန်းချုပ် နိုင်ခြင်းမရှိကြောင်း ရှမ်းပြည်နယ်လွှတ်တော်တွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြန် လည်ဖြေကြားခဲ့သည်။


ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကို စက်တင်ဘာ ၂၁ ရက်တွင် ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ ပုဂ္ဂလိက တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်ရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မည်ကဲ့သို့ ညွှန်ကြားထားသည်ဆိုသည့် မေးခွန်းကို ကလောမြို့နယ် မဲဆန္ဒနယ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က မေးမြန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက ပြန်လည်ဖြေကြားသည်။

ရှမ်းပြည်နယ်တွင် ပုဂ္ဂလိက တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်နေမှုများမှာ မြို့ပေါ်တွင် တာဝါတိုင်များစွာ ထူနေခြင်း၊ စာချုပ်ပါ စည်းမျဉ်း စည်းကမ်းများလိုက်နာမှုမရှိခြင်းနှင့် တာဝန်ယူ၊ တာဝန်ခံမှုမရှိခြင်းတို့ကြောင့် ကြယ်ပွင့် ပြမေးခွန်းကို မေးမြန်းရခြင်းဖြစ်ကြောင်း ဦးသန်းထိုက်က ပြောကြားသည်။

“အချို့ ဌာနဆိုင်ရာများဟာ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်မှု အားနည်းခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များ အခက်အခဲ ကြုံတွေ့နေရခြင်းလည်း ဖြစ်ပါတယ်။ တိုးတက်လာတဲ့ခေတ်နဲ့အညီ ဆက်သွယ်ရေး ဖိုင်ဘာကေဘယ်လ်ဆက်ကြောင်းများ နေရာအနှံ့ တပ်ဆင်လာတာကို မြို့ပြကျေးလက်မကျန် လမ်းတံတားများမှာပင် ကွန်ကရစ်တိုင်များ စိုက်ထူထားသည်ကို မြင်တွေ့ရပါ တယ်။ ထိုသို့ကိစ္စများကို ဆက်သွယ်ရေး တာဝါတိုင်ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းဆောင်ရွက်နေတာကိုလည်း သိရပါတယ်။ သို့သော်လည်း အောက်ခြေမြေပြင်တွင် ဆောင်ရွက်ခွင့်ရကုမ္ပဏီများအနေဖြင့် ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများ စာချုပ်ပါ စည်းမျဉ်းများကို လိုက်နာမှုအား နည်းနေခြင်းသာမက သက်ဆိုင်ရာမြို့နယ် ဆက်သွယ်ရေး စိစစ်ရေးကော်မတီများနှင့် ချိတ်ဆက်မှု အားနည်းချက်တွေ့ရပြီး ဆက်သွယ်ရန်ပေးထားသော ဖုန်းနံပါတ်များ လည်းဆက်သွယ်၍မရခြင်း၊ လုပ်ငန်းပြီးပါက တာဝန်ယူတာဝန်ခံမှု အားနည်းသဖြင့် မလိုလားအပ်သောပြဿနာများ ဖြစ်လာမှ သာ လွှတ်တော်ကိုယ်စားလှယ်များ သိရှိရသည်ဖြစ်ပြီး မြို့နယ် အသီးသီးမှာလည်း အလားတူဖြစ်ရပ်များ ကြုံတွေ့နေရသည်ကို သိရပါတယ်။ စီမံကိန်းဆိုပြီး နောင်ခါလာ နောင်ခါဈေးဆိုသည့် သဘောများသည် လုံးဝ မဖြစ်သင့်သည့်ဖြစ်ရပ်ဖြစ်ပါတယ်” ဟု ကလော မြို့နယ် မဲဆန္ဒနယ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က မေးမြန်းခဲ့သည်။

“ပုဂ္ဂလိကဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ခြင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ၀င်ရောက် ဖြေရှင်းဆောင်ရွက်ခြင်း မရှိပါကြောင်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကသာ ဆုံးဖြတ်ခွင့်ရှိပါကြောင်းနှင့် လိုအပ်ပါက သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်းကို ဖြေကြားရှင်းလင်းပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက ပြန်လည်ဖြေကြားခဲ့သည်။

Writer: စည်သာ (တောင်ကြီး)
Eleven Media Group

0 comments:

Post a Comment