Thursday, September 20, 2018

အောင်ရဲထွေးအမှု ရုပ်သိမ်းခြင်း အတည်ပြု မပြုကို အမိန့်ချမှတ်မည်

Image may contain: 6 people, people standing and outdoor


သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှု ရုပ်သိမ်းခြင်းနှင့်ပတ်သက်၍ အတည်ပြုသင့် မသင့်ကို လာမည့် စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီ၌ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်သင်းသင်းနွဲ့၏ တရားခွင် (၆) ရုံးခန်း၌ အမိန့်ချမှတ်သွားမည်ဖြစ်သည်။
ယင်းအမှုက လူသတ်မှုဖြင့် တရားစွဲဆိုခံရသူ
သန်းထွဋ်အောင်(ခ)သားကြီး အပါအဝင် သုံးဦးကို အရှေ့ပိုင်းခရိုင် ဒုခရိုင်တရားသူကြီး ဦးအောင်ကြည်က စွဲချက်မတင်မီ အမှုရုပ်သိမ်း၍ တရားရှင်လွှတ်ပေးခဲ့ရာ တရားစီရင်ရေးအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

အဆိုပါ အမှုရုပ်သိမ်းမှုကို နိုငိငံတော်သမ္မတ၏ ညွန်ကြားချက်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကစစ်ဆေးရာ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များ ရယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ခြောက်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၎င်းတို့၏ ဥပဒေပုဒ်မဖြင့် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဖမ်းဆီးခဲ့သည်။
စွဲချက်မတင်မီ ရုပ်သိမ်းခဲ့သည့် ယင်းအမှုကို ပြန်စစ်ဆေးခဲ့ပါက မူလရုံးတော်ဖြစ်သည့် အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးရမည်ဖြစ်ပြီး အဆိုပါ အမှုကို ယခင်က စစ်ဆေးခဲ့သည့် ဒုခရိုင် တရားသူကြီး ဦးအောင်ကြည်၊ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ခြောက်ဦးမှာလည်း လက်ရှိတွင် အဂတိ လိုက်စားမှုဖြင့် ဖမ်းဆီးအရေးယူခံထားရသည်။
နှစ်သစ်ကူးည သုဝဏ္ဏ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment တွင် ထိုးကြိတ်ကန်ကြောက်ခံရသူ ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး ရဲစခန်းသို့ ကိုယ်တိုင် လာရောက်၍ဖမ်းဆီးခံကာ လူသတ်မှုပုဒ်မဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခံရမှုအပေါ် တရားရင်ဆိုင်ခဲ့ပြီးမှ ပြန်လည် လွတ်မြောက်လာသော သားကြီး (ခ)သန်းထွဋ်အောင် အပါအဝင် သုံးဦးမှာ မူလရုံးတော်၏ အမိန့်တည်နေဆဲကြောင့် လက်ရှိ အချိန်ထိ ၎င်းတို့မှာ တရားရှင် လွတ်ခွင့်ရသူများ ဖြစ်နေကြောင်း တိုင်းတရားလွှတ်တော် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒေါ်မြသွေးက ပြောသည်။
သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှု ရုပ်သိမ်းခြင်းအမိန့်ကို တိုင်းတရားလွှတ်တော်က အတည်မပြုခဲ့ပါက မူလတရားရုံးတွင် ပြန်လည် စစ်ဆေးရမည် ဖြစ်သည်။
The Voice

0 comments:

Post a Comment