Friday, September 28, 2018

လက်ရှိအစိုးရလက်ထက်တွင် သတင်းမီဒီယာလွတ်လပ်ခွင့် နည်းပါးလာကြောင်း MID အဖွဲ့၏ မီဒီယာစောင့်ကြည့်မှု အစီရင်ခံစာတွင် ဖော်ပြ


လက်ရှိအစိုးရလက်ထက်တွင် သတင်းမီဒီယာလွတ်လပ်ခွင့်နည်းပါးလာကြောင်း Myanmar Institute For Democracy ၏ မီဒီယာစောင့်ကြည့်မှုအစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။ 
မြန်မာနိုင်ငံရှိ သတင်းမီဒီယာများမှ ဖော်ပြထားသည့် နိုင်ငံရေးနှင့် လူမှုရေး စုံလင်ကွဲပြားမှုအပေါ် လေ့လာစောင့်ကြည့်ခြင်း အစီရင်ခံစာနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ Parkroyal Hotel တွင် ပြုလုပ်ခဲ့သည်။ 

ယခုထုတ်ပြန်လိုက်သည့် အစီရင်ခံစာသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၈ ခုနှစ် မေလအထိ သုတေသနပြုလုပ်ထားသည့် အချက်များဖြစ်ပြီး မီဒီယာများ၏ သတင်းတင်ဆက်မှုများတွင် ဓမ္မဓိဋ္ဌာန်ကျမှုရှိ မရှိ အချက်များ၊ နိုင်ငံရေးနှင့် လူမှုရေးအကြောင်းအရာများ တင်ဆက်ရာတွင် မျှတသောတင်ဆက်မှုများ အရည်အသွေးမြင့်မားသော သတင်းတင်ဆက်မှုပုံစံ စသည့်အကြောင်းအရာများ အပေါ်တွင် စနစ်တကျ သုတေသနပြုလုပ်ထားချက်များ ပါဝင်ကြောင်း Myanmar Institute For Democracy ၏ ဒါရိုက်တာ ဦးမျိုးမင်းဇော်က ပြောကြားသည်။ 

“ကျွန်တော်တို့ မီဒီယာလောက တတ်နိုင်သလောက် ဖွံ့ဖြိုးလာအောင် အကြံပြုချက်တွေပါတယ်။ ကျွန်တော်တို့ မီဒီယာလောကသားတွေဟာ အများကြီးအခက်အခဲများကြားမှ ကျော်ဖြတ်ခဲ့ရတယ်။ လက်ရှိအခြေအနေ အရလည်း အမှောင်ခေတ်က လွတ်မြောက်အောင် ကြိုးစားနေရဆဲပဲ။ မီဒီယာလွတ်လပ်ခွင့်တွေ ပိုရဖို့လိုမယ်။ ကန့်သတ်ထားတဲ့ ဥပဒေတွေကို လျှော့ချပေးဖို့လိုမယ်။ လက်ရှိအစိုးရလက်ထက်မှာ သတင်းမီဒီယာလွတ်လပ်ခွင့် နည်းပါးလာတာကတော့ အသေအချာပဲဖြစ်ပါတယ်” ဟု Myanmar Institute For Democracy ၏ ဒါရိုက်တာ ဦးမျိုးမင်းဇော်က ပြောကြားသည်။ 

MID ၏ မီဒီယာစောင့်ကြည့်မှုအစီရင်ခံစာတွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ဒေသများသို့ ပြည်တွင်းနှင့်နိုင်ငံတကာ ဂျာနယ်လစ်များက ၀င်ထွက်သွားလာခွင့်မရရှိကြဘဲ အကြမ်းဖက်မှုများ မည်ကဲ့သို့ စတင်ဖြစ်ပွားခဲ့သည်ဟူသော သတင်းအချက်အလက်များကို နိုင်ငံတကာမှ လူများအတွက် သိရှိနိုင်ရန် တားဆီးပိတ်ပင်ရာရောက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများနှင့် ပုဂ္ဂလိကပိုင်မီဒီယာတချို့က ထိရှလွယ်သည့် သတင်းအချက်အလက်များကို တင်ဆက်ခဲ့ကြသော်လည်း အများအားဖြင့် အစိုးရဘက်မှ အမြင်များကိုသာတင်ပြကြပြီး ပြည်သူလူထုအား ပိုမိုမျှတပြီး ဓမ္မဓိဋ္ဌာန်ကျသည့် သတင်းအများအပြားကို ဖော်ပြခဲ့ခြင်းမတွေ့ရှိခဲ့ရကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ 

Myanmar Institute For Democracy သည် ပါတီစွဲကင်းသော လွတ်လပ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒီမိုကရေစီအလေ့အထများ ပြန့်ပွားရေး၊ လွတ်လပ်စွာရေးသား ဖော်ပြခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်တို့အတွက် ရည်သန်ကာ စလိုဗက်ကီးယားနိုင်ငံ အခြေစိုက် မီဒီယာဆိုင်ရာ သုတေသနအဖွဲ့ MEMO98 နှင့်ပူးတွဲပြီး မီဒီယာစောင့်ကြည့်လေ့လာရေး အစီရင်ခံစာများကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလမှစတင်ပြီး ထုတ်ပြန်လျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။ 

  
Eleven Media Group

0 comments:

Post a Comment