Tuesday, October 30, 2018

ဒုက္ခသည်များ နိုဝင်ဘာလလယ်တွင် ပြန်ပို့ရန် မြန်မာ - ဘင်္ဂလားဒေ့ရှ်သဘောတူ

ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ပြန်ပို့ရန်စီစဉ်နေသည့် ဒုက္ခသည်များကို နိုဝင်ဘာလလယ်တွင် စတင်လက်ခံရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ကြား သဘောတူညီချက် ရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ 
တတိယအကြိမ်မြောက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးကို အောက်တိုဘာလ ၃၀ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

နှစ်ဖက်ဆွေးနွေးမှုတွင် ခိုင်မာသည့် သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့ကြောင်း၊ နိုဝင်ဘာလလယ်တွင် ဒုက္ခသည်များ ပြန်လည်လက်ခံရေး စတင်နိုင်မည်ဖြစ်ကြောင်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ မိုဟာမက် ရှဟီဒူလ်ဟတ်ခ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဦးဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရမှ နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ မိုဟာမက် ရှဟီဒူလ်ဟတ်ခ်တို့ ပါဝင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ 

အဆိုပါ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့ကို ယခုနှစ်ဆန်းပိုင်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နေရပ်စွန့်ခွာသူများကို စနစ်တကျလက်ခံရာတွင် လိုက်နာဆောင်ရွက်ရမည့် မူဝါဒများကို နှစ်ဖက်အပြန်အလှန် ညှိနှိုင်းဆွေးနွေးနေကြခြင်း ဖြစ်သည်။ 

နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမြင့်သူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၂၉ ရက်က ဒါကာသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယနေ့ (အောက်တိုဘာလ ၃၁) ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကော့ဘဇာဒေသရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ 

“ခရီးစဉ်အရတော့ အစည်းအဝေးအပြီး သတင်းထုတ်ပြန်တာတွေ လုပ်မယ်။ ဒုက္ခသည်စခန်းတွေကို သွားမယ်လို့ သိရတယ်။ ဘယ်လို သဘောတူကြမလဲဆိုတာတော့ မသိရသေးဘူးပေါ့” ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံအနေနှင့် မူလနေရပ်ပြန်မည့် ဒုက္ခသည် ရှစ်ထောင်ကျော် အမည်စာရင်းပေးပို့ထားပြီး လက်ရှိ ဒုက္ခသည်များ ပြန်လည်လက်ခံမှုမှာ အဆိုပါအမည်စာရင်းအတိုင်း ပြန်လည် လက်ခံမခံကိုမူ မသိရှိရသေးပေ။ 

အဆိုပါ ခရီးစဉ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရနှင့် နားလည်မှုစာချွန်လွှာရေးထိုးထားသည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့သည့်ရက်က ပြုလုပ်သည့် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။ 

ရခိုင်ပြည်နယ်အတွင်း အာဆာအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့၍ မြန်မာအစိုးရ၏ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီးနောက် အဆိုပါဒုက္ခသည်များ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေရပ်စွန့်ခွာသူဒုက္ခသည်ဦးရေ ခုနစ်သိန်းကျော်ရှိကြောင်း ကုလသမဂ္ဂနှင့် အခြားလူ့အခွင့်အရေးအဖွဲ့များက ထုတ်ပြန်ထားသည်။ 

မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ဒုက္ခသည်များ ပြန်လည်လွှဲပြောင်းရေးစတင်ရန် နှစ်နိုင်ငံ ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းက စတင်ကာ သဘောတူထားခဲ့သော်လည်း လက်ရှိအချိန်အထိ လွှဲပြောင်းနိုင်ခြင်း မရှိသေးပေ။

The Voice

0 comments:

Post a Comment