Tuesday, February 26, 2019

ကျပ်တစ်ထောင်တန်ထီ လက်ကားဈေးတစ်စောင် ကျပ် ၄၅၀ ခန့်အထိ ကျဆင်း၊ ထီကိုယ်စားလှယ်များ အရှုံးပေါ်


ယခုလတွင် စတင်ရောင်းချသော ကျပ်တစ်ထောင်တန်ထီ၏ ပင်ရင်းထီဆိုင်များမှ လက်ကားဆိုင်များသို့ ရောင်းချသော ထီလက်မှတ်ဈေးနှုန်းသည် ကျပ် ၄၀၀ မှ ၄၅၀ အထိသို့ ကျဆင်းပြီး ထီအရောင်းကိုယ်စားလှယ်များ အရှုံးပေါ်လျက်ရှိကြောင်း ထီအရောင်းကိုယ်စားလှယ်များထံမှ သိရသည်။ 
လက်ရှိအချိန်တွင် အများပြည်သူများသည် ဈေးနှုန်းလျှော့ချရောင်းချနေသော်လည်း ကျပ်တစ်ထောင်တန်ထီကို စိတ်ဝင်စားမှုနည်းပါးလျက်ရှိပြီး ကျပ်ငါးရာတန်ထီကိုသာ ရွေးချယ်ဝယ်ယူကြကြောင်း ထီအရောင်းကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။ 

“ဒီလအတွက် ထီပင်ရင်းလုပ်တဲ့သူတွေက ရင်းနှီးထားတဲ့ငွေရဲ့ ၃၀ ရာခိုင်နှုန်းလောက် ရှုံးတယ်။ လက်ကားသမားတွေကတော့ ပိုရှုံးတယ်။ ၄၀ ရာခိုင်နှုန်းလောက်အထိ ရှုံးကြမှာ” ဟု ၎င်းက ပြောဆိုသည်။ 

လတ်တလောတွင် ထီဈေးကွက်အတွင်း၌ ကျပ်တစ်ထောင်ထီတစ်စောင်လျှင် ကျပ် ၈၀၀ မှ ၉၀၀ ဝန်းကျင်ဖြင့် ရောင်းချနေသူများရှိသကဲ့သို့ ကျပ်တစ် ထောင်တန်ထီလက်မှတ်များ ဝယ်ယူပါက ကျပ်ငါးရာတန်ထီလက်မှတ်များကို အပိုထပ်ဆောင်းသည့် ပုံစံမျိုးဖြင့်လည်း ရောင်းချလျက်ရှိသည်။ 

“အရင်တုန်းကတော့ ဝယ်လိုအားများနေတဲ့အတွက် ထီဈေးတွေတက်တယ်။ အခုကျတော့ ပြည်သူတွေက မထိုးနိုင်တော့ ဝယ်လိုအားမရှိဘူး။ ဝယ်လိုအားက မရှိတော့ ဈေးက ကျမှာပဲလေ” ဟု မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ တာဝန်ရှိသူ ဒေါ်စုမွန်က ပြောကြားသည်။ 

အစိုးရအနေနှင့် ကျပ်ငါးရာတန်ထီလက်မှတ်များကို မေလခန့်တွင် ရောင်းချတော့မည်မဟုတ်ဘဲ ကျပ်တစ်ထောင်တန် ထီလက်မှတ်များကိုသာ ရောင်းချမည်ဖြစ်ကြောင်း၊ ထီလုပ်ငန်းများသည် ဆက်တိုက်ကျဆင်းသွားနိုင်ကြောင်း ထီအရောင်းကိုယ်စားလှယ်များက ပြောကြားကြသည်။ 

ယခုလတွင် ကျပ်တစ်ထောင်တန်ထီနှင့် ငါးရာတန်ထီများကို ပူးတွဲရောင်းချခဲ့ပြီး ကျပ်တစ်ထောင်တန်ထီတွင် အမြင့်ဆုံးဆုကြေးအဖြစ် ကျပ်သိန်းပေါင်းတစ်သောင်းခွဲအထိ ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

The Voice

0 comments:

Post a Comment