Tuesday, February 26, 2019

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ခံကျေးရွာနေအိမ်များ ပြုပြင်ရန်လိုအပ်နေ


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ခံခဲ့ရသူတွေအတွက် တရုတ်ကုမ္ပဏီက ဆောက်လုပ်ပေးထားတဲ့ အောင်မြင်သာစံပြကျေးရွာက နေအိမ်တွေဟာ အိုမင်းယိုယွင်း ပျက်စီးလာနေပြီဖြစ်လို့ ပြန်ပြုပြင်ဖို့လိုအပ်နေတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။ 
ဧရာဝတီမြစ်ညာမြစ်ဆုံမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း စတင်စဉ်က စီမံကိန်းနဲ့မလွတ်တဲ့ ရွာငယ်တွေ ရွှေ့ပြောင်းခံခဲ့ရပြီး အောင်မြင်သာ စံပြကျေးရွာမှာ စုပေါင်းနေထိုင်နေကြတာ သက်တန်း ၈ နှစ်တာ ကြာမြင့်ပြီဖြစ်တဲ့အတွက် နေအိမ်တော်တော်များများ အိမ်တိုင်နဲ့ လှေကားတွေ ခြစားဆွေးမြေ့လာပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

အောင်မြင်သာရွာသူ မသန်းရင်က “CPI တရုတ်ကုမ္ပဏီက မီးနဲ့ဆန်ကတော့ ပုံမှန်ပေးနေပါတယ်။ ဆန်ကတော့ ၂လ တခါပေါ့။ မီးကတော့ ရာသီဥတု ဆိုးရင်တော့ ပိတ်ပါတယ်။ မူလတန်း ကလေးတွေကို ကျောင်းသုံးပစ္စည်းအစုံ ကျောင်းလွယ်အိတ်အပါ ဟိုတလောက လာပေးသွားတယ်။ အခုက အိမ်တိုင်ခြေရင်းတို့ လှေကားတို့ ခြစားဆွေးမြေ့ကုန်ပြီ ပျက်တာတွေ စာရင်းကောက်သွားတာတော့ ကြာနေပြီ။ ခုချိန်ထိ လာမပြင်ပေးသေးပါဘူး။ မိုးတွင်းလည်းနီးပြီမို့ တချို့အိမ်တွေလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပြင်ကြတာလည်း ရှိပါတယ်။ ရွာမှာလုပ်စားစရာ စီးပွားရေးသိပ်မရှိတော့ လူငယ်တွေကတော့ တခြားဒေသတွေ ထွက်သွားကြတယ်”လို့ ပြောပါတယ်။ 

အောင်မြင်သာရွာဒေသခံတချို့ကတော့ ရွာအနီးအပန်းဖြေစခန်းမှာ ရိုးရာအစားအသောက် ဆိုင်တွေ ဖွင့်လှစ်ရောင်းချနေကြပါတယ်။ 

အောင်မြင်သာစံပြကျေးရွာမှာ မြစ်ဆုံစီမံကိန်းကို တာဝန်ယူလုပ်ဆောင်နေတဲ့ တရုတ် CPI ကုမ္ပဏီက နေအိမ်ဆင်တူ၊ ဘာသာရေးကျောင်းတွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေ ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

သတင်း – မုန်းမုန်းမင်း
DVB

0 comments:

Post a Comment