Tuesday, February 26, 2019

တပ်မတော်က ကိုယ်ပိုင်ဒီဇိုင်းဖြင့် ကားအစီး ၁၀၀ ထုတ်လုပ်နိုင်ပြီဟု ဗိုလ်ချုပ်မှူးကြီး ပြော



မြန်မာနိုင်ငံရဲ့ ပထမဆုံးကိုယ်ပိုင်ဒီဇိုင်းနဲ့ မော်တော်ကား အစီး ၁၀၀ စတင်ထုတ်လုပ် နိုင်ခဲ့ပြီလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ 


ပဲခူးတိုင်း၊ ထုံးဘိုရှိ တပ်မတော်အကြီးစားစက်ရုံကို ဖေဖော်ဝါရီ ၂၅ ရက်က သွားရောက်တုန်း ပြောခဲ့တာဖြစ်ပြီး စက်ရုံကို တပ်မတော်က ၂၀၁၆ ခုနှစ်က လွှဲပြောင်းရယူ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ 



ဗိုလ်ချုပ်မှူးကြီးက “၂၀၁၆ ခုနှစ်မှာ စက်ရုံကို တပ်မတော်က လွှဲပြောင်းရယူပြီးချိန်မှာ ရပ်တန့်နေတဲ့ မော်တော်ယာဉ်နဲ့ အင်ဂျင်အစိတ်အပိုင်းတွေ ထုတ်လုပ်မှုကို ပြန်လည်ထုတ်လုပ် နိုင်ရန် ဆောင်ရွက်ခဲ့ပြီး အခုအခါ မော်တော်ယာဉ်တွေ စတင်ထုတ်လုပ် နိုင်နေပြီ ဖြစ်တယ်၊ မြန်မာနိုင်ငံရဲ့ ပထမဆုံးကိုယ်ပိုင်ဒီဇိုင်းနဲ့ မော်တော်ယာဉ်တွေ စတင်ထုတ်လုပ် နိုင်ခဲ့ပြီဖြစ်လို့ အစီး ၁၀၀ မြောက်ထုတ်လုပ်ပြီးစီးနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်”လို့ စက်ရုံဝန်ထမ်းတွေကို ပြောခဲ့ပါတယ်။ 



တပ်မတော်အကြီးစားစက်ရုံ(ထုံးဘို)ဟာ အရင် အမှတ်(၂)စက်မှုဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ပြီး Mazada Jeep၊ B -600၊ T-2000 မော်တော်ယာဉ်တွေ ထုတ်လုပ်ခဲ့ ပါတယ်။ 



၂၀၁၆ ခုနှစ်မှာ တပ်မတော်က လွှဲပြောင်းရယူခဲ့ပြီး အခုအခါမော်တော်ယာဉ်တွေ ဆက်လက်တပ်ဆင် ထုတ်လုပ်လျက်ရှိတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းမှာ ဖော်ပြပါတယ်။ 



အခုဘဏ္ဍာနှစ်အတွင်း INLAY Jeep အစီး ၂၀၀ ထုတ်လုပ်သွားမှာဖြစ်ပြီး ဆက်လက်ပြီး နှစ်စဉ် အစီး ၁၀၀၀ အထိ တိုးတက်ထုတ်လုပ်သွားဖို့ စီမံဆောင်ရွက်နေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ 



စက်ရုံမှာ အသုံးပြုတဲ့ စက်တွေဟာ ၁၉၆၄ ခုနှစ်ကနေ ၁၉၇၈ ခုနှစ်ကာလက ဂျပန်နိုင်ငံထုတ် OSAKA KOSAKUSHO၊ HITACHI SEIKI၊ MITSUBISHI၊ OKUMA၊ SHOUN၊ OKK၊ SEIKOSHA၊ ROKU ROKU SANGVO၊ YOSHIDA၊ TOKUSHU KOKI SEISA KUSHO၊ TSOGAMI၊ TOYOKOGVO စတဲ့ စက်အဟောင်းတွေကို ပြန်လည်ပြုပြင်ပြီး မော်တော်ယာဉ်တွေ အင်ဂျင်နဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေ ထုတ်လုပ်နေပါတယ်။


DVB

0 comments:

Post a Comment