Tuesday, February 26, 2019

ပဲခူးမြို့ရှိ စည်ပင်ပိုင်မြေအချို့ကို သက်တမ်းတိုးငှားရမ်းခြင်းမပြုတော့ကြောင်း နို့တစ်စာပို့ရာတွင် ပါတီအချို့၏ ရုံးခန်းမြေနေရာများပါဝင်

ပဲခူးမြို့ရှိ စည်ပင်ပိုင်မြေနေရာအချို့ကို သက်တမ်းတိုးငှားရမ်းခြင်း မပြုတော့ကြောင်း နို့တစ်စာပေးပို့ရာတွင် ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းနေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီရုံးခန်းနေရာနှင့် ပဲခူးမြို့နယ်မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ရုံးခန်းနေရာများပါဝင်ခဲ့ပြီး ယခုကဲ့သို့လုပ်ဆောင်ခြင်းမှာ နိုင်ငံရေးထိုးနှက်ချက်တစ်ခုဟုသာ သုံးသပ်လိုကြောင်း ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းခန့်ကျော်က ပြောကြားသည်။ 
“စည်ပင်က ကျွန်တော်တို့ဆီကို စာပို့ထားတယ်။ ကျွန်တော်တို့ကကျွန်တော်တို့ဌာနချုပ်ကို ဆက်ပို့တယ်။ ဌာနချုပ်ကဘယ်လို ပြန်ပြီးညွှန်ကြားမလဲ မသိသေးဘူး။ စည်ပင်နဲ့ ဘယ်လိုညှိနှိုင်းရမယ်ဆိုတာ ဌာနချုပ်ကလုပ် ဆောင်မှာပါ။ ကျွန်တော်တို့ ဒီနေရာက အရင်အစိုးရလက်ထက်ကတည်းက ပိုင်ဆိုင်မှုအထောက်အထားတွေ ရှိပါတယ်။ နှစ်ရှည်ငှားရမ်းထားတဲ့ပိုင်ဆိုင်မှုတွေ ဂရန်စာရွက်တွေက ပါတီဌာနချုပ်ကို ပို့ထားတာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ နိုင်ငံရေးထိုးနှက်မှုလို့ပဲ မြင်ပါတယ်။၂၀၂၀ လည်းနီးလာပြီဆိုတော့ ဖြစ်လာတာတွေကိုတော့ ဥပဒေအရပဲ ရှင်းသွားမှာပါ” ဟုကိုမင်းခန့်ကျော်က ပြောကြားသည်။ 

ပဲခူးမြို့ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေးအတွက် ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပသော ပဲခူးမြို့နယ်စည်ပင်သာယာရေး ကော်မတီအစည်းအဝေးအမှတ်စဉ်၂/ ၂၀၁၉ ၊ ၁၆(စ)အရ ပဲခူးမြို့ပေါ်ရှိ ယခင်အစိုးရအဆက်ဆက်က ငှားရမ်းထားသော စည်ပင်ပိုင်မြေနေရာအချို့အား ဆက်လက်ငှားရမ်း ခြင်းမပြုတော့ကြောင်း ဖေဖော်ဝါရီ ၁၉ ရက် နေ့စွဲဖြင့် နို့တစ်စာများပေးပို့ရာတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးခန်းနေရာ၊ ပဲခူးတိုင်းဒေသကြီး တစညပါတီရုံးခန်းနေရာ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းများအဖွဲ့ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့်ပဲခူးမြို့နယ်ရုံးခန်းနေရာများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ 

“ပဲခူးမြို့မှာ စည်ပင်ပိုင်မြေကအများကြီး ရှိပါတယ်။ စည်ပင်ကမြေငှားပြီး အဆောက်အအုံဆောက်နေတာတွေ၊ နောက်ပြီးစည်ပင်က အဆောက်အအုံဆောက်ပြီး ငှားရမ်းထားတာတွေ ရှိပါတယ်။ ဒါတွေဟာအရင်အစိုးရ တွေကတည်းက ရှိခဲ့တာပါ။ အခုတော့ စည်ပင်ကော်မတီပေါ်လာတဲ့အခါမှာ လူထုအတွက် အကျိုးလည်းရှိမယ်၊ အဆင့်မြင့် အဆောက်အအုံတွေ ဆောက်လုပ်မယ်လို့သိရတယ်။ စည်ပင်ပိုင်မြေတွေကိုလည်း ထပ်မငှား တော့ဘူးလို့လည်း သိရတယ်။ စည်ပင်ပိုင်မြေမှာက တစ်နှစ်ကိုတစ်ကြိမ်သက်တမ်းတိုးရတယ်။ အခုတော့ အဆင့်မြင့်အဆောက်အအုံတွေ ဆောက်မှာမို့ သက်တမ်းတိုးမပေးတော့ဘူး။ အခကြေးငွေလည်း ကောက်ခံတော့မှာ မဟုတ်ဘူး။ စည်ပင်ကရေးဆွဲတဲ့ဆောက်လုပ်ရေး စီမံကိန်းတွေအရ ဖယ်ရှားပေးရရင်လည်း မူလပိုင်ရှင်တွေကို မနစ်နာအောင်တစ်ခန်းပြန်ပေးမယ်လို့ သိရပါတယ်” ဟုပဲခူးမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောကြားသည်။ 

ထို့ပြင်ပဲခူးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီးလှတင်ဦးနှင့် တစညပါတီ၏ တိုင်းဒေသကြီးအဆင့် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းလွင်တို့ကလည်း တိုင်းဒေသကြီးအဆင့်နှင့် လုပ်ထားခြင်းမဟုတ်ဘဲ ဌာနချုပ်များကသာ ဖြေရှင်းမှာဖြစ်ပြီး ပိုင်ဆိုင်မှုအထောက်အထားများနှင့် ဥပဒေအရဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

Eleven Media Group

0 comments:

Post a Comment