Tuesday, February 26, 2019

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများ၌ ပျက်စီးနေသည့် ဓာတ်လှေကားများ အပါအဝင် လိုအပ်လျက်ရှိသော အခြားလုပ်ငန်းများ ပြန်လည်ပြုပြင်ခြင်းကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိဟု ဆို


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများ၌ ပျက်စီးနေသည့် ဓာတ်လှေကားများ အပါအဝင် လိုအပ်လျက်ရှိသည့် အခြားလုပ်ငန်းများ ပြန်လည်ပြုပြင်ခြင်းကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြုလုပ်သည့် ဒုတိယအအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၄ မြောက်နေ့တွင် ပြောကြားသည်။ 
သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) ဦးနေဘုန်းလတ်က လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုတင် ၂၀၀ အထက် ဆေးရုံများသို့ ကွင်းဆင်း၍ လိုအပ်ချက်များအား လေ့လာအကြံပြု ကူညီဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ဆေးရုံအချို့တွင် ဓာတ်လှေကားများ ပျက်စီးချို့ယွင်းနေမှုကို အချိန်မီပြင်ဆင်နိုင်ခြင်း မရှိဘဲ ကြန့်ကြာမှုများ ကြုံတွေ့နေရပါသောကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် တစ်စုံတစ်ရာ ချိတ်ဆက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီ၏ ကွင်းဆင်းစစ်ဆေးချက်များအရ အကြံပြုချက်များအရ ဓာတ်လှေကား ပျက်စီးမှုတွင်မကဘဲ ဆေးရုံကြီးများတွင် လိုအပ်လျက်ရှိသော အခြားလုပ်ငန်းကိစ္စရပ်များ ပြန်လည်ပြုပြင်ခြင်းများနဲ့ ပြန်လည်ဖြည့်တင်းရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်” ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ညွန်ကြားချက်ဖြင့် တိုင်းကျန်းမာရေးဦးစီးမှူး ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီမှ တင်ပြချက်များကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်းထားကာ ဆောင်ရွက်ပြီးစီးမှုများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ပြန်လည်တင်ပြရန် ပြင်ဆင်လျက်ရှိကြောင်း ဝန်ကြီးဦးနိုင်ငံလင်း က ပြောကြားသည်။ 

အလားတူ အလုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးအတွင်း အရေးပေါ် ဆေးကုသဆောင်အား အဆင့်မြှင့်တင်လျက် လူနာများအား ပြီးပြတ် ဝန်ဆောင်မှုပေးရန် နှင့် ရန်ကုန်ဆေးရုံကြီးကဲ့သို့ ခေတ်မီ ဆေးဝါးကုသသည့် စက်ပစ္စည်းများ ထပ်မံဖြည့်တင်းခြင်း၊ ဆရာဝန်သူနာပြုများ လုံလောက်စွာ တာဝန်ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ လွှတ်တော်၌ မေးမြန်းခဲ့သည်။ 

အဆိုပါ မေခွန်းနှင့်ပတ်သက်၍ ဝန်ကြီး ဦးနိုင်ငံလင်းက “လောလောဆယ်မှာ ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီးဟာ ဗဟိုအဆင့် ဆေးရုံကြီး မဟုတ်တဲ့အတွက် လူနာများကို လူနာများကို ပြီးပြတ်အောင် ဝန်ဆောင်မှုမပေးနိုင်တာပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ 

ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသည့် ဆေးဝါးများ၊ စက်ပစ္စည်းများနှင့် ဆရာဝန်၊ သူနာပြုများ ဖြည့်တင်းမှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန(နေပြည်တော်) မှ တိုက်ရိုက်ဖြည့်တင်း ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြောကြားသည်။ 

Eleven Media Group

0 comments:

Post a Comment