Monday, March 18, 2019

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘားအံမြို့ ဒေသခံပြည်သူများနှင့်တွေ့ဆုံ



နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရဟတ်ယာဉ်ဖြင့် ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိကြသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူများက ဘားအံလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။ 
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘားအံမြို့ သေဋ္ဌမာရ်အောင် ဘုရားသို့ ရောက်ရှိပြီး ပန်း၊ ရေချမ်းတို့ကို ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုကာ ဘုရာကြီး ဘက်စုံပြုပြင်ရန်အတွက် အလှူငွေများကို ဂေါပကအဖွဲ့ထံ ပေးအပ် လှူဒါန်းသည်။ 
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံခဲ့သည်။ 
တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေ လုပ်သလဲဆိုတော့ အစိုးရအဖွဲ့တွေ့ရော နားလည်အောင်လို့ရှင်းပြ ချင်ပါတယ်။ ပြည်သူလူထုတွေနဲ့ တွေ့ဆုံပွဲတွေ လုပ်တယ်ဆိုတာ သင်ယူဖို့ပါပဲ၊ သင်ယူဖို့ဆိုတာဟာ အစိုးရအဖွဲ့တွေကလည်း သင်ယူရမယ်။ ၀န်ထမ်းတွေကလည်း သင်ယူရမယ်၊ ပြည်သူကလည်းသင်ယူရမယ်၊ ဒီမိုကရေစီစနစ်မှာ တစ်ယောက်နဲ့တစ် ယောက် ပူးပေါင်းပြီး ဆောင်ရွက်လို့ရမလဲဆိုတဲ့ နည်းတွေရှာဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်မအနေနဲ့ တွေ့ဆုံပွဲတွေလုပ်တဲ့အခါမှာ ခန်းမထဲမှာ အုပ်ချုပ် ရေးပိုင်းဆိုင်ရာကသက်သက်၊ ပြည်သူတွေက အပြင်ကနေသက်သက် ဒီလိုပုံစံမျိုး မဖြစ်စေချင်ပါဘူး။ အဲဒီလိုပုံစံမျိုးဆိုရင် တစ်ယောက်နဲ့တစ်ယောက်ဆီကနေ သင်ယူ နိုင်ဖို့အခွင့်အရေးရမှာမဟုတ်ပါဘူး။ ပထမဦးဆုံး ၁၉၉၅ ခုနှစ် ဇွဲကပင်တောင်ကို သာမညဆရာတော် ဘုရားကြီးကို ဖူးဖို့သွားတဲ့အခါတုန်းက အဲဒီတုန်းက သွားတဲ့ အချိန်နဲ့ အခုအချိန်နဲ့က ပြောင်းလဲမှုတွေရှိတယ်ဆိုတာ မြင်ရပါတယ်။ 
အရင်တုန်းက ဘားအံ့မြို့က ဒီလောက်မကြီးကျယ်ပါဘူး။ ဘားအံ့မြို့က တော်တော်တိုးတက်ပြီး ဖွံ့ဖြိုးလာပါပြီ။ သို့သော်လည်း လုံလောက်အောင်တော့ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးပါဘူး။ လိုအပ်ချက်တွေအများကြီး ရှိပါသေး တယ်။ ဒါတွေလည်း ပြည်သူလူထုကနေ ကျွန်မတို့ ကိုတင်ပြတဲ့အခါမှာ ပါလာလိမ့် မယ် လို့ထင်ပါတယ်။ ဒါကတော့ တစ်တိုင်းပြည်လုံးရဲ့ လိုအပ်ချက်တွေဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံးရဲ့လိုအပ်ချက်တွေကို အားလုံးဖြည့် ဆည်းပေးဖို့ဆိုတာကတော့ မလွယ်ပါဘူး။ ဒါကအချိန်ယူရပါတယ်။ နိုင်ငံဟာ မဖွံ့ဖြိုးမတိုးတက်တာဟာ ဆယ်စု နှစ်ချီလာပါပြီ။ ဆယ်စုနှစ်တွေနဲ့ချီပြီးတော့ မဖွံ့ဖြိုးမတိုးတက် တဲ့နိုင်ငံကို သုံးနှစ် အတွင်း တိုးတက်အောင်လုပ်ဖို့ဆိုတာ တကယ်တော့လက်တွေ့မကျပါဘူး။ သို့သော် လည်း တိုးတက်မှုတွေတော့ ရှိပါတယ်။ ကျေနပ်လောက်အောင် တိုးတက်မှုရှိသလား ဆိုတော့ အမှန်ပြောရရင် ဘယ်တော့မှကျေနပ်နေတဲ့ အဆင့်မျိုးမရောက်သင့်ပါဘူး။ ကျေနပ် သွားပြီဆိုရင် ဆက်ပြီးတော့ ကြိုးစားချင်တဲ့စိတ်တွေရှိတော့ မှာမဟုတ်ဘူး။ တစ်နှစ်နဲ့ တစ်နှစ်ပိုပြီးတော့ တိုးတက်အောင်လို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ 
၁၉၉၅ ခုနှစ်တုန်းက ကားနဲ့လာရတော့ ရွာလေးတွေရဲ့အခြေအနေကို ပိုပြီးတော့ သိပိုင်ခွင့် ရှိပါတယ်။ အခုကျတော့ လေကြောင်းခရီးနဲ့လာတော့ ရွာတွေရဲ့ အခြေအနေကို သိပိုင် ခွင့်မရှိဘူး။ အောက်ခြေတောင်သူလယ်သမား၊ ပြည်သူလူထု က ဘယ်လိုနေသလဲဆိုတာ တွေ့ဖို့အခွင့်အရေး နည်းသွားပါတယ်။ တစ်ဖက်က ပြောရင် လေကြောင်းက အပေါ်ကလာတော့ အပေါ်ကကြည့်လိုက်ရင် ဘားအံ့မြို့ ဘယ်လောက် တိုးတက်လာလဲဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။ အဲဒီ ဟာက ကျွန်မတို့အတွက် သင်ခန်းစာပဲ။ တစ်နေရာကနေ မြင်နိုင်တာကို နောက် တစ်နေရာက မမြင်နိုင်ဘူး။ အမြင်များ၊ အတွေးအခေါ်များပူးပေါင်းပြီးလုပ်မှ နိုင်ငံကို ပြည့်ပြည့်၀၀ တိုးတက်အောင်လို့ လုပ်နိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ ကရင်ပြည်နယ် က ဆိုရင် နိုင်ငံမှာ ငြိမ်းချမ်းရေးမရှိခြင်းရဲ့ အနိဋ္ဌာရုံကိုလည်း ကောင်းကောင်း သိခဲ့ရပါတယ်။ အပစ်ခတ် ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးလမ်းပေါ်မှာ တက်လာအခါမှာ ဘယ်လိုအပြောင်းအလဲ တွေရှိတယ် ဆိုတာကိုလည်း သေသေချာချာသိရပါတယ်။ 
နှစ်နှစ်လောက်တုန်းက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို လူငယ် တွေနဲ့ လုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲတစ်ခုမှာ ကျွန်မတို့နိုင်ငံ တစ်ဝန်းက လူငယ် တွေ တက်ရောက်ပါတယ်။ မန္တလေးတိုင်းဘက်က လူငယ်တစ်ယောက်လဲပါတယ်။ ကရင် ပြည်နယ်ဘက်က လူငယ်နှစ်ယောက်ပါတယ်။ လူငယ် တွေနဲ့ငြိမ်းချမ်းရေး အကြောင်း ဆွေးနွေးတဲ့အခါမှာ ကရင်ပြည်နယ်ဘက်က တက်လာတဲ့လူငယ် နှစ်ယောက်က ငြိမ်းချမ်းရေး ဘယ်လောက် အရေးကြီးတယ်၊ ငြိမ်းချမ်းရေး ဘယ် လောက်အဖိုးတန်မှုကို နားလည်တယ်။ နှစ်ပေါင်းများစွာ ဆယ်စုနှစ်တွေနဲ့ ချီပြီးတော့ မငြိမ်းချမ်းခဲ့တဲ့ ဒေသမှာမလို့ အပစ်အခတ်ရပ်စဲရေးလုပ်လိုက်တဲ့ အခါမှာ ပြည်သူ တွေရဲ့ နိစ္စဓူဝ ဘ၀တွေပြောင်းသွားလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်ရတော့ အဲဒီ ကိစ္စလေးတွေကို ပြောပြတယ်။ မန္တလေးက လူငယ်ကတော့ ရိုးရိုးသားသားပဲ ပြောတယ်။ အခုမှပဲ သူသိတော့တယ်။ သူဟာငြိမ်းချမ်းရေးရှိတဲ့ ဒေသမှာမွေးခဲ့တာ၊ ငြိမ်းချမ်းရေးရှိတဲ့ ဒေသမှာကြီးခဲ့တော့ ပြည်တွင်းစစ်ဖြစ်နေတဲ့ အနိဋ္ဌာရုံကို ဘယ် တော့မှ မခံစားခဲ့ရဘူး။ မသိလို့မဟုတ်ဘူး ဗဟုသုတလည်းကြွယ်ဝတယ်၊ နိုင်ငံကိစ္စ တွေလည်း စိတ်ဝင်စားပါတယ်။ ငြိမ်းချမ်းရေးမရှိတဲ့ နေရာတွေနဲ့ ဝေးနေတဲ့အခါမှာ ငြိမ်းချမ်းရေး မရှိခြင်းဟာ ကိုယ့်ရဲ့နေ့တိုင်းနေ့တိုင်း နေရေးထိုင်ရေးကို ထိခိုက် တယ်ဆိုတာ သူမသိခဲ့ ဘူးဆိုပြီး ပြောပါတယ်။ 
ကရင်ပြည်နယ်က ကလေးတွေနဲ့ တွေ့ပြီးတော့ သူတို့ပြောတာတွေကြားရတဲ့ အခါမှ ငြိမ်းချမ်းရေးဟာ ဒါကြောင့်အရေးကြီး တာပါလားဆိုတာ သူသဘောပေါက် သွားပါတယ်။ ကျွန်မတို့ကရင်ပြည်နယ်က ပြည်သူလူထုဟာ ငြိမ်းချမ်းရေးဟာ ဘယ်လောက်အရေးကြီးလဲဆိုတာ လက်တွေ့ကျကျ ကိုယ့်ဘ၀ကနေပြီးတော့ သင်ပေး ထားတဲ့ပြည်သူတွေဖြစ်ပါတယ်။ ဆက်ပြီးတော့ ငြိမ်းချမ်းရေးလမ်းစဉ် အောင်မြင်ဖို့ အတွက် ကရင်ပြည်နယ်ပြည်သူလူထုဟာ စိတ်အား ထက်သန်စွာနဲ့ အားအပြည့်၊ မာန်အပြည့်နဲ့လုပ်ဆောင်သွားမယ်လို့ ကျွန်မအနေနဲ့ ယုံကြည်ပါတယ်။ ဒီလိုလုပ်မှ သာလျှင် နိုင်ငံကြီးဟာ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်နိုင် မှာပါ။ ကျွန်မတို့နိုင်ငံဟာ ပြည့်ပြည့်၀၀ဒီမိုရေစီကျတဲ့နိုင်ငံလည်း မဟုတ်သေး ပါဘူး။ ခိုင်ခန့်တဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေတဲ့နိုင်ငံတစ်ခုလည်း မဟုတ်သေး ဘူး။ ဒါဟာ အားလုံးရဲ့ ပန်းတိုင်ဖြစ်ရမယ်လို့ ယူဆပါတယ်။ တချို့တွေက နားမလည်ပါဘူး။ တချို့တွေက ဒီမိုကရေစီစနစ်ကို ရောက်တဲ့သူတွေရှိတယ်။ နားမလည်တဲ့သူတွေရှိတယ်၊ ထောက်ခံ တဲ့သူတွေရှိတယ်၊ သိပ်ပြီးတော့ စိတ် မ၀င်စားတဲ့ သူတွေရှိတယ်၊ စိတ်မ၀င်စားတဲ့ သူတွေကို ပထမဦးဆုံး ကျွန်မ ပြောရမယ်ဆိုရင် ထပ်တလဲလဲပြောနေတဲ့ကိစ္စပါ။ 
ကျွန်မတို့က နိုင်ငံရေးကို စိတ်မ၀င်စားလို့မရဘူး။ နိုင်ငံရေးဟာ ကျွန်မတို့နဲ့ ဆိုင်နေပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံ့အရေးကိုပြောတာပါ။ ပါတီနိုင်ငံရေး၊ ရွေး ကောက်ပွဲ နိုင်ငံရေးသက်သက်ကြီးပဲ ပြောနေတာမဟုတ်ပါဘူး။ အခုခတ်ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထု အများစုကနေပြီးတော့ ထောက်ခံတင်မြှောက်တဲ့ အစိုးရနဲ့ သွားတဲ့စနစ်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ်စားပြု ဒီမိုကရေစီဖြစ်ပါတယ်။ တိုက်ရိုက်ဒီမိုကရေစီမဟုတ်ဘူး။ ကျွန်မတို့နိုင်ငံမှာ သန်း ၅၀ ကျော်ရှိတယ်။ အားလုံး ကတော့ မဲပေးနိုင်တဲ့အရွယ်မရှိသေးဘူး။ မဲပေးနိုင်တဲ့အရွယ်တွေကြီးပဲ ကြည့်မယ် ဆိုရင် အားလုံးက အုပ်ချုပ်ရေးယန္တရားပေါ်မှာ ပါဝင်ပြီး လှုပ်ရှားနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်စားပြုဒီမိုကရေစီစနစ်ဆိုတာ လက်တွေ့ကျကျ ပြည်သူလူထုနဲ့ ဆန္ဒနဲ့ကိုက် ညီတဲ့ စနစ်တစ်ခုကို ဆိုပါတယ်။ အဲဒါကလည်း ပြောရမယ်ဆိုရင် ခြောက်ပစ်ကင်း သဲလဲဆင်ဆိုလည်း မဟုတ်ပါဘူး။ လူတွေကိုယ်တိုင်က အပြစ်မကင်းတာပဲ။ လူသားတွေကိုယ်တိုင်က အပြစ်မကင်းတဲ့အခါကျတော့ လူသားတွေ ထွင်တဲ့ ကိစ္စက တော့ လုံးဝအပြစ်ကင်းစင်တယ်လို့တော့ ပြောလို့မရပါဘူး။ ကမ္ဘာကျော် နိုင်ငံရေး သုခမိန်ကြီး ပြောခဲ့သလိုပဲ ဒီမိုကရေစီက ကောင်းတယ်လို့မဆိုလိုဘူး။ ဒါပေမယ့် တစ်ခြား စနစ်တွေက ပိုပြီးတော့ဆိုးပါတယ်။ ဘယ်ဘက်ကပဲကြည့်ကြည့် ပြည်သူ လူထုကို အလေးထားဆုံးစနစ်ကတော့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့စနစ်ပဲ ဖြစ်ပါ တယ်။ 
ပြည်သူလူထုကို ကိုယ်စားပြုတဲ့စနစ်ကသာလျှင် ပြည်သူရဲ့ဆန္ဒကို အလေး အနက်ထားမှာဖြစ်ပါတယ်။ အဲဒါကို သတိပေးချင်ပါတယ်။ ပြည်သူ့ရဲ့ဆန္ဒကို အလေး အနက်ထားကြပါ၊ ဒါဟာ အစိုးရအဖွဲ့ဝင်တွေမဟုတ်ဘူး၊ ၀န်ထမ်းများဟာလည်း ပြည်သူတွေရဲ့ဆန္ဒကို အဓိကထားကြပါ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ ၀န်ထမ်းတွေက လည်း ပြည်သူတွေမဟုတ်ဘူးလားဆိုတော့ သူတို့လည်း ပြည်သူတွေပါပဲ သူတို့က လုပ်ပိုင်ခွင့် ရထားတဲ့ပြည်သူတွေပဲ။ လုပ်ပိုင်ခွင့်ဆိုတာ နိုင်ငံအတွက်၊ ပြည်သူတွေ အတွက်သုံးမှာ လား၊ ကိုယ့်အတွက်သုံးမှာလားဆိုတာ လူတိုင်းလူတိုင်းဆုံးဖြတ်ရ မယ့် ကိစ္စဖြစ်ပါတယ်။ အုပ်ချုပ်ရေးယန္တရား၊ အစိုးရအဖွဲ့ထဲမှာပါဝင်နေတဲ့သူတွေက ရတဲ့အခွင့်အရေးတွေကို ကိုယ့်ရဲ့ ကိုယ်ကျိုးအတွက်သာသုံးမယ်၊ အသိုင်းအ၀ိုင်း အတွက်သာသုံးမယ်ဆိုရင် အင်မတန်မှမှားပါလိမ့်မယ်။ အများပြည်သူတွေ အတွက် သုံးရင် ပုဂ္ဂိုလ်ရေးအရပြောရင် ကိုယ့်အတွက် ကုသိုလ်တွေ အများကြီးရနိုင်တဲ့ အခွင့်အရေးပါ။ နိုင်ငံအရပြောရင် နိုင်ငံကို အများဆုံး အကျိုးပြုနိုင်တဲ့ အခွင့်အရေး ပါ။ ဒါကြောင့်မလို့ ဒီအခွင့်အရေးကို မှန်မှန်ကန်ကန်သုံးကြပါ။ မှန်မှန်ကန်ကန် သုံးမှ သာလျှင် ကိုယ့်အတွက်၊ သူ့အတွက် အားလုံးအတွက် တိုးတက်နိုင်မှာ ဖြစ်ပါ တယ်။ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့ ကာလတစ်လျှောက်မှာ ကျွန်မပြောဖူး ပါတယ်။ ဟိုတုန်းက ဒီအရှေ့တိုင်း အဆိုအမိန့် တစ်ခုရှိခဲ့တယ်။ ဘယ်လိုပြောခဲ့ သလဲဆိုတော့ ဒါဟိုတုန်းက ရှေးတုန်းကရှိခဲ့တာ အစိုးရ ဆိုတာ (၄ ) မျိုးရှိတယ်။ အဆိုးဆုံး အစိုးရဆိုတာ ပြည်သူလူထုက ရွှံရှာတဲ့အစိုးရပါ။ ဒါထက် နည်းနည်းပါ တာက ပြည်သူလူထုက ကြောက်ရွံ့ရတဲ့အစိုးပါ။ ဒါထက် အဆင့်မြင့်တာက ပြည်သူလူထုချီးမွမ်းတဲ့အစိုးရ။ ဒါပေမယ့် ဒါတွေဟာ အောက်ကပဲ ရှိသေးတယ်။ အထက်ဆုံးက အကောင်းဆုံးအစိုးရဆိုတာ ပြည်သူလူထုကရှိမှန်း တောင်မသိတဲ့ အစိုးရဒီလိုပြောသွားပါတယ်။ ဒီစကားလေးပေါ်လာတဲ့ ခေတ်ကဆိုရင် သက်ဦး ဆံပိုင်ဘုရင်တွေအုပ်ချုပ် တဲ့ခေတ်ပါ။ အဲဒီတော့ အစိုးရဆိုတာ မင်းတွေကို ပြောတာပါ။ ပြည်သူလူထုက ၀ိုင်းပြီး တော့ ရွံရှာတဲ့မင်းဆိုရင် အနိမ့်ဆုံးမင်းမျိုးပါ။ အညံ့ဆုံးမင်းမျိုးပါ။ ပြည်သူလူထုက ကြောက်ရတဲ့မင်းဆိုရင် တစ်ဆင့်တော့သာပါ တယ်။ ရွံရှာတာထက်သာတယ်ဆိုရင် တစ်ဆင့် သာတယ်လို့ပြောရမှာပါ။ ဒါထက် ပိုပြီး မြင့်တာကတော့ ပြည်သူလူထုချီးမွမ်းတဲ့ မင်း။ ပြည်သူလူထုကရှိမှန်းမသိတဲ့ မင်းက အကောင်းဆုံးပဲ။ ဒါအဆင့်အမြင့်ဆုံးပဲဆိုတာ ဒါဘယ်လိုဆိုလိုတာလဲဆို တော့ အစိုးရ လုပ်တဲ့သူတွေက ကိုယ့်ရဲ့တာဝန်ကျေကျေ ပွန်ပွန်လုပ်လို့ရင် ကိုယ် လုပ်နေမှန်း တောင် ပြည်သူလူထုက သတိထားမိတာမဟုတ်ပါဘူး။ ကျွန်မတို့ ပြန်ပြီးတော့ ကျွန်မတို့အစိုးရ တာဝန်ယူတဲ့အချိန် (၃)နှစ် ကာလကို ပြန်ပြီးလေ့လာ လိုက်ုရင် အမြင့်ဆုံးအဆင့်တော့ မရောက်သေးဘူး။ 
သို့သော်ငြားလည်း သိပ်မဆိုးဘူးလို့ ဘာလို့မြင်သလဲဆိုတော့ ကျွန်မတို့အစိုး ရရဲ့ လုပ်ဆောင်မှုတွေ အားလုံးကို ပြည်သူလူထုတွေက မသိကြဘူး။ အမှတ်တမဲ့ ဒါသူတို့ ရပိုင်ခွင့်မို့ ရတယ်ထင်တယ်။ အဲဒါကို ကျွန်မသဘောကြပါတယ်။ ဥပမာ ဆိုရင် လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်လို့စောစောကပြောတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာပါတဲ့ ကရင်ပြည်နယ်က လူငယ်နှစ်ယောက်က ဒါကို ပထမဦးဆုံး ပြောပါတယ်။ ငြိမ်းချမ်းရေးရတဲ့အခါရောက်တော့ လမ်းပန်းဆက်သွယ်ရေး ကောင်း သွားတယ်။ လမ်းတွေဘာတွေဆောက်နိုင်တဲ့ အခြေအနေတွေရှိတယ်။ အရင်တုန်း က တိုက်ပွဲတွေ ဖြစ်နေတဲ့ လမ်းတွေသေချာဆောက်လို့မရဘူး။ ဒီလမ်းပန်း ဆက်သွယ် ရေးတွေကောင်းသွားလို့ သူတို့ဘ၀တွေ အင်မတန်မှ တိုးတက် သွားတယ်ဆိုပြီးတော့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူနေခဲ့တဲ့နေရာ သူမွေးကတည်းက လမ်းပန်းဆက်သွယ်ရေး ကောင်းတယ်။ လမ်းပန်းဆက်သွယ်ရေး ဆိုးဝါးခြင်းဟာ ဘယ်လောက် လူတစ် ယောက်ရဲ့ဘ၀ကို ထိခိုက်နိုင်တယ်ဆိုတာ သူလုံးဝမစဉ်းစားခဲ့ဘူး။ ကရင်ပြည်နယ်မှာ ဆိုရင် အရင်(၃)နှစ်အတွင်းမှာ လမ်း သစ်တွေဆောက်တာဟာ မိုင်(၆၀) ကျော်ပါတယ်။ ဒါတွေကို အများကတော့ သတိပြုမိမှာ မဟုတ်ပါဘူး။ သတိပြုမိဖို့လဲမလိုပါဘူး။ ဒီဟာဟာ အလုပ်ဖြစ်မြောက်ဖို့ ပြည်သူလူထု တွေရဲ့ဘ၀တွေ ပြောင်းသွားဖို့ သာလိုတာပါ။ 
စောစောက ကလေးတွေက သူတို့သွားပြီးတော့ ဘယ်နှစ်မိုင် လမ်းကတော့ အသစ်ဆောက်ပြီး ပြီလို့ ကြည့်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ ဘ၀ပြောင်းသွားတော့ သူတို့ သိပါတယ်။ ကော့မှူးမြို့နယ် ကိုယ်စားပြုတဲ့ အချိန်မှာ တုံးကလည်း ဒီလိုပဲ ကော့မှူးမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးကို အလေးထား ပြီးတော့ လုပ်ခဲ့ပါ တယ်။ ဒီလမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်လို့ ဘယ်လောက် အောင်မြင်သလဲဆိုတာ ပြောရမယ်ဆိုရင် ၀မ်းနည်းစရာ အဖြစ်အပျက်ကနေ ပြီးတော့ သိခဲ့တာပါ။ ကျွန်မတို့မြို့နယ်ထဲကနေပြီး ကလေးတစ်ယောက်ကနေပြီး လမ်းမှာ Accident ဖြစ်ပြီးတော့ ဆုံးသွားတယ်။ ကျွန်မ မိဘများအိမ်ကိုသွားတယ်။ သူ့အမေ က သူ့သားလေးဆုံးသွားတော့ ငိုပါတယ်။ ငိုပြီးပြောတဲ့အထဲမှာ တစ်ခုက ကျွန်မ စိတ်ထဲ မှာစွဲနေတာက သူ့သားလေးက ဒီလိုလမ်းကောင်းကောင်းကြီးဖြစ်မှ အဲဒီလမ်း လေးမှာ သူမသုံးသွားလိုက်ရဘူး။ ကျွန်မစိတ်ထဲမှာ တော်တော်လှုပ်ရှားသွားတယ်။ 
ပြည်သူတွေအတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာ အမှတ်တမဲ့ကြည့် နေတဲ့သူတွေက လမ်းတွေကကောင်းတယ်။ ကောင်းသွားတာကတော့ အမှန်ပဲ။ ကော့မှူးမှာ ကိုယ်စားလှယ်မဖြစ်ခင်တုံးက အဲဒီရွာကို ကော့မှူးမြို့ကနေရောက်ဖို့ ဆိုရင် (၃)နာရီ လောက်ကြာတယ်။ အဲဒီကို သွားတဲ့အချိန်မှာ လမ်းကကောင်း နေတဲ့အခါရောက်တော့ နာရီဝက်လောက်နဲ့ရောက်သွားတယ်။ အရင်တုန်းကလို စောစောပိုင်းက (၃)နာရီဆိုရင် ကျွန်မသွားနိုင်မှာမဟုတ်ဘူး။ အသွားအပြန်နဲ့ကို နာရေးအိမ်ကိုသွားဖို့ဆိုတာ အချိန် ပေးဖို့ဆိုတာ အင်မတန်ခက်သွားမယ်။ သတိ မပြုမိပေမယ့်လည်း တကယ်ပြည်သူရဲ့ ဘ၀ကိုပိုပြီးတော့ ကောင်းမွန်အောင် လုပ် ပေးနိုင်မယ့်လုပ်ရပ်တွေဟာ အစိုးရကောင်းများ တာဝန်ကျေတဲ့ အစိုးရတွေ အားလုံး လုပ်ရမှာဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံက အခုမှ စပြီးတော့ ဖွံ့ဖြိုးတိုးတက်ဆဲ ဒီမိုကရေစီလမ်းကိုလျှောက်ဆဲ။ အောင်မြင်မှုဟာ ပြည်သူလူထုရဲ့ပူးပေါင်း ဆောင် ရွက်မှု အထူးလိုအပ်ပါတယ်။ အဲဒါကိုလဲ ပြည်သူလူထုကနေပြီး သတိပြုမိ စေချင်ပါတယ်။ အားလုံးတိုးတက်စေချင်ရင် အားလုံးပါဝင်ရပါ့မယ်။ တိုးတက်တဲ့ အကျိုးအမြတ်တွေတော့ မျှပြီးတော့ ခံစားချင်တယ်။ ဒါပေမယ့်တိုးတက် အောင် လုပ်ဆောင်ရမယ့် တာဝန်ကိုတော့ ၀င်မပါချင်ဘူးဆိုလို့လည်း မဖြစ်ပါဘူး။ အားလုံး လက်တွဲပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးမှုဘက်ကနေမက အဖက်ဖက်က စိန်ခေါ်မှု အများကြီးနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံပါ။ ဒါပေမယ့် ခဏခဏ ကြားရတဲ့ ကျွန်မလည်း ထပ်တလဲလဲ ကြားရတဲ့အတိုင်းပြောပါတယ်။ စိန်ခေါ်မှုဆို တာ ကိုယ်ကအခွင့်အရေးဖြစ်အောင်လုပ်မလား ပြဿနာဖြစ်အောင်လုပ်မလား။ အရေးကြီး တာက ကျွန်မတို့က အခွင့်အရေးဖြစ်အောင်လုပ်ဖို့ပဲ။ ဒီစိန်ခေါ်မှုတွေ ရှိလို့ အချင်းချင်း အတွက် ညီညွတ်မှုအင်အား ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သိရှိနိုင်ခွင့်ရှိ သွားပါတယ်။ ညီညီညွတ်ညွတ်နဲ့ ကျွန်မတို့ကနေပြီး ဘယ်စိန်ခေါ်မှုကို ရင်ဆိုင် မယ်ဆိုရင် ဒါကို ကျော်လွှားနိုင်မှာ အောင်မြင်မှု ပန်းတိုင်ကိုရောက်နိုင်မှာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုဟာ ပြည်ထောင်စုစိတ်ဓာတ်ကို အထူးတလည် တစ်နိုင်ငံလုံးကို တင်ပြပေးနိုင်မယ့် ပြည်နယ်သူ ပြည်နယ်သား တွေဖြစ်ပါ။ အဲဒီ စိတ်ဓာတ်ကို သင်ပေးကြပါ။ ကိုယ်ကိုယ်တိုင် သင်ပေးဖို့အကောင်း ဆုံးနည်းက ကိုယ်ကိုယ်တိုင်က အဲဒါကို ကျင့်သုံးပြဖို့ နမူနာနဲ့ပြဖို့ ပါးစပ်က ပြောနေမယ့် အစားအလုပ်နဲ့ပြကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံ ချင်ပါတယ်။ ကရင်ပြည်နယ် လူထုဟာ ပြည်တွင်းစစ် အနိဋ္ဌာရုံ ခံခဲ့ရတာမို့ နောင်လာနောက် သားတွေ ဆက်ပြီး မခံရအောင်လို့ ဘယ်လိုနည်းနဲ့ ၀ိုင်းပြီးတော့လုပ်ပေးရ မလဲဆိုတော့ အတွေးတွေနဲ့ ဘ၀လမ်းကိုလျောက်သွားစေချင်ပါတယ်။ အားလုံးငြိမ်း ချမ်းရေးကို အဓိက ထားပြီး တော့ ဆက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေး ဟာ မလွှဲမသွေရမှာပါ။ စိန်ခေါ်မှုတွေ ရှိနေတဲ့အခါမှာ ဒီလိုအခက်အခဲ တွေရှိနေလို့ ဆိုပြီး အခွင့်အရေးတွေယူပြီး ပိုပြီး နိုင်ငံမတည်ငြိမ်အောင် လုပ်ခြင်းဆိုတာဟာ နိုင်ငံအပေါ်မှာ သစ္စာမရှိရာ လည်းရောက် တယ်။ နိုင်ငံသူ နိုင်ငံသား တွေအပေါ်မှာ မေတ္တာမထားရာလည်း ရောက်တယ်။ မေတ္တာ၊ သစ္စာနည်းတဲ့ ပုဂ္ဂိုလ်များ အဖွဲ့များဟာ ဘယ်သူ့ကိုမှ ဘယ်အရာကိုမှ အကျိုးပြုနိုင်မှာမဟုတ်ပါဘူး။ တခဏ အောင်မြင်တဲ့ပုံစံရှိရင်ရှိမယ်၊ ဒါပေမယ့် ရေရှည် မှာ မေတ္တာ၊ သစ္စာမဲ့စွာနဲ့အလုပ်လုပ်တဲ့ သူများဟာ သူတို့နေတဲ့ ပတ်ဝန်းကျင်နဲ့ သူတို့နေတဲ့ ကမ္ဘာကြီးကို ဘယ်တော့မှ အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒီနိုင်ငံတွင် မက တခြားနိုင်ငံတွေမှာတောင် သစ္စာရှိမှုနဲ့ ပတ်သက်ပြီးတော့ နာမည်တစ်လုံးနဲ့ နေနေတဲ့ ကရင်တိုင်းရင်းသားများဟာ သစ္စာရှိမှုကို ကိုယ်စားပြုပြီး နမူနာပြပေး ကြပါ။ မေတ္တာတရားကို ပွားများပေးကြပါ။ ကရင် ပြည်နယ်မှာဆိုရင် ကိုးကွယ်တဲ့ ဘာသာပေါင်းစုံရှိတယ်။ တိုင်းရင်းသားလူမျိုးပေါင်း စုံရှိတယ်။ ဒီလိုပေါင်းစုံတဲ့ အထဲကနေပြီးတာ့ ညီညီညွတ်ညွတ်နဲ့ စိတ်အားထက် သန်စွာနဲ့ အောင်မြင်မှု ပန်းတိုင်ကို လျှောက်သွားနိုင်တယ်ဆိုတာ ကရင်ပြည်နယ်သူ ပြည်နယ်သားများဟာ အရှေ့ကနေပြီးတော့ ဦးဆောင်ပြီးတော့ ပြသသွားကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ အခု ပြည်သူတွေထဲက တင်ပြထားတဲ့ မေးခွန်း တွေကို သက်ဆိုင်ရာဌာနနဲ့ တာဝန်ခံတွေက ဖြေပါ့မယ့်။ 
ကျွန်မတို့ကို တင်ပြချင်တဲ့ ထပ်လောင်းမေးချင်တဲ့ မေးခွန်းတွေကို ပရိသတ် ထဲက ပြည်သူတွေကိုခေါ်ပြီး မေးခွင့်ပေးပါမယ်။ အဲဒီလိုမေးခွင့်ပေးတဲ့အခါမှာ ကျွန်မတို့က လည်းလူရွေးရပါတယ်။ အားလုံးကို မေးခွင့်ပေးဖို့ဆိုတာ အချိန်မရှိတဲ့ အတွက် စည်းကမ်းရှိရှိနဲ့ မေးဖို့ ကျွန်မသတိပေးချင်ပါတယ်။ လုယက်ပြီး မမေးပါနဲ့။ အဓိကက ကိုယ်သိချင်တဲ့ ကိစ္စရဲ့အဖြေ ရဖို့ပါပဲ။ ဒီခန်းမထဲမှာ မေးပိုင်ခွင့်မရှိတဲ့ သူတွေက စာတွေထား ခဲ့လို့ရပါတယ်။ အခုဆိုရင်လည်းတိုင်ကြားစာဌာန ဖွင့်ထားပါ တယ်။ ကျွန်မတို့ ဘယ်တော့ဖြစ်ဖြစ် ဘယ်နေရာကို ခရီးသွားသွား သွားတဲ့အခါတိုင်း တိုင်ကြားစာဌာနလေးဖွင့်ပါတယ်။ အဲဒီ မှာလာပေးတဲ့ တိုင်ကြားစာတွေဟာ ကျွန်မ ရုံးကို တိုက်ရိုက် ရောက်ပါတယ်။ ကျွန်မတို့ အနေနဲ့ စိစစ်ပြီး လုပ်သင့်လုပ်ထိုက်တာ တွေကို လုပ်ရပါတယ်။ တချို့တိုင်ကြားစာတွေ က သိပ်ပြီး ပုဂ္ဂိုလ်ရေးဆန်ပါတယ်။ ကိုယ့်ကိစ္စ လေးတွေပဲ ဦးတည်ပြောမယ်ဆိုရင် ကျွန်မ တို့နိုင်ငံနစ်နာပါတယ်။ ဒါကြောင့် ကိုယ့်ကိစ္စလေးကိုယ် မပြောရဘူးမဟုတ်ပါဘူး။ ကိုယ့်ကိစ္စပြောတာလည်း ရှိပါတယ်။ အဓိကအားဖြင့် ကျွန်မတို့ နိုင်ငံတစ်နိုင်ငံ နဲ့သက်ဆိုင်ပြီး နိုင်ငံ တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားနဲ့ ဆက်နွှယ်နေတဲ့ မေးခွန်းတွေကို မေးစေ ချင်ပါတယ်။ မေးခွန်းမေးတဲ့ အခါမှာ တန်းစီပြီး စနစ်တကျ စည်းကမ်းရှိရှိနဲ့ မေးချင်တဲ့လူတွေက မေးခွန်းမေးရတဲ့ အချိန်ရောက်ရင် လာကြပါ။ တိုးဝှေ့တာတွေ မလုပ်ပါနဲ့။ ကိုယ်နေရာယူရမဲ့အစား တခြားလူကို နေရာပေးတယ်ဆိုတာ အင်မတန်ပိုပြီးဂုဏ်ရှိ တယ်ဆိုတာ ကျွန်မအနေနဲ့ သတိပေးချင်ပါတယ်။ အခုအချိန်မှာ ကျွန်မတို့ကို စပြီးတင်ပြထားပြီးသားမေးခွန်းတွေကို ဖြေတဲ့အစီအစဉ်ကိုလုပ်ပါမယ်” ဟု ပြော ကြားသည်။ 
ယင်းနောက် ဒေသခံပြည်သူများ ကြိုတင်တင်ပြထားသည့် မြ၀တီနယ်စပ် ဂိတ်မှ နိုင်ငံခြားသား ပြည်ဝင်ခွင့်ဗီဇာ ၁ ရက်သာခွင့်ပြုထားသည့်အတွက် မြ၀တီ မြို့နယ်မှ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အထိ နိုင်ငံခြားသားများ ၂ ညအိပ် ၃ ရက် ခရီးသွားခွင့်ပြုပေးနိုင်ရေး၊ ရန်ကုန်မြို့မှ ဘားအံမြို့နယ်နှင့် မြ၀တီ မြို့နယ်များသို့ ဆက်သွယ်သည့် မီးရထားလမ်း ဖောက်လုပ်ပေးရေး၊ လှိုင်းဘွဲ့မြို့ နယ် ပိုင်ကျုံမြို့ နဘူး-ရေပူ ပိုင်ကျုံလမ်းမပေါ်ရှိ အရှည် ၁၁၈၃ ပေ ပိုင်ကျုံတံတား ကြမ်းခင်းအား သံပြားအခင်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရေး၊ လှိုင်းဘွဲ့ မြို့နယ်အတွင်း ယာဉ်ကြောပိတ်ဆို့မှု နည်းပါးလာစေရေးနှင့် ကျောင်းသားကျောင်း သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် လှိုင်းဘွဲ့မြို့ရှောင်လမ်းနှင့် ချောင်းကူး တံတည်ဆောက်ပေးရေး စသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ခန်းမအပြင်ဘက်ရှိ ဒေသခံပြည်သူ ၅ ဦး၏ သိမ်းဆည်း လယ်ယာမြေများ ပြန်လည်ရရှိရေး၊ မိဂဠုန် အထက်တန်းကျောင်းခွဲ ကျောင်းမြေတိုးချဲ့မှုတွင် ကျေးရွာသားများ နစ်နာမှုအား ပြန်လည်စိစစ်ပေးရေး၊ မြေယာကျူးကျော်မှုများ ဖြေရှင်းပေးရေး၊ ဘားအံတက္ကသိုလ် တွင် ဆိုင်ကယ်များ ပျောက်ဆုံးနေမှုအား ဆောင်ရွက်ပေးရေးဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ လည်း ကောင်း၊ လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ခန်းမအတွင်းရှိ ဒေသခံပြည်သူ ၃ ဦး၏ ဘားအံလေယာဉ်ကွင်း အသစ်တည်ဆောက်ပေးရေး၊ ပဒုမ္မာလမ်းနှင့် ကြာအင်း ကျေးရွာချင်းဆက်လမ်း ပြန်လည် ဖွင့်လှစ်ပေးရေး၊ ဘားအံမြို့ ကမ်းနားလမ်းတွင် မရှိသင့်သည့် အဆောက် အဦများ တည်ဆောက်ထားမှုအား ဖြေရှင်းပေးရေး၊ ကမမောင်းပြည်သူ့ဆေးရုံ ဆေးဝါး အလုံလောက်ရှိရေး၊ ကမမောင်းမြို့ အား မြို့နယ်အဆင့်တိုးမြှင့်ပေးရေး၊ ရေဘုတ်ရေလှောင်တမံအတွက် သိမ်းဆည်းထား သည့် မြေအတွက် နစ်နာကြေး လျော်ကြေးရရှိရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း မေးမြန်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။ 
ဒေသခံများ၏တင်ပြချက်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ဖြေကြားချက် များအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နယ်စပ်ပေါက်များ သွားလာမှု လွယ် ကူ အဆင်ပြေစေအောင် တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေပါကြောင်း၊ အစိုးရ အနေဖြင့် လုပ်ငန်းစီမံကိန်းများ ဖြစ်နိုင်ခြေ ရှိ/ မရှိ ကို တိုင်းတာစိစစ်ရပါကြောင်း၊ ကုန်ကျမည့်စရိတ်နှင့် ရရှိမည့် အကျိုး မျှတမှု ရှိ/ မရှိ ကြည့်ရပါကြောင်း၊ လုပ်ငန်း ကြီးများ ဖော်ဆောင်ရန် တောင်းဆိုသည့်အခါ သေသေချာချာ အခြေအနေကို မစိစစ်၊ မလေ့လာဘဲ လုပ်မည်/ မလုပ်ဘူး ပြော၍မရပါကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာ ငွေကို သုံးစွဲရာတွင် တစ်နေရာတည်း ကွက်ပြီးကြည့်၍ မရပါကြောင်း၊ တစ်နိုင်ငံ လုံးက တက်လာသည့် တောင်းဆိုချက်များ လိုအပ်ချက်များကို ကြည့်ပြီး မျှမျှတတ ဖြင့် အကောင်းဆုံး အထိရောက်ဆုံးဖြစ်အောင် လုပ်ဆောင်ရပါကြောင်း၊ တစ်နိုင်ငံ လုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်မှာ မိမိတို့၏ ရည်ရွယ်ချက်ဖြစ်ပါ ကြောင်း၊ မည်သည့်အရာများကို ဦးစားပေးဆောင်ရွက်မည်ကို လက်တွေ့ကျကျ လေ့လာပြီး ဆုံးဖြတ်ရပါကြောင်း၊ ပြည်သူလူထု၏ ဆန္ဒ၊ လိုအပ်ချက်များကို လေးလေးနက်နက် ထားပြီး တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း။ 
၁၉၈၈ ခုနှစ်နောက်ပိုင်း သိမ်းဆည်းခံရသည့် လယ်မြေများကို မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီမိုကရေစီစနစ်ကို သုံးစွဲ သည့်နိုင်ငံတွင် ဘယ်သူ့နှုတ်မိန့်နဲ့မှ ဘာမှလုပ်လို့မရပါကြောင်း၊ အကျုံးမ၀င်ပါကြောင်း၊ တရားဝင်ဆုံးဖြတ်ပြီး ညွှန်ကြားချက်ဖြင့်သာ ဆောင်ရွက်ရပါကြောင်း၊ ကျူးကျော်မှု များကို လက်ခံစရာအကြောင်းမရှိပါကြောင်း၊ ကျူးကျော်ခြင်းသည် စည်းကမ်းဥပဒေ ကို ဖောက်ဖျက်ခြင်းဖြစ်ပါကြောင်း၊ မည်သူမှ ကျူးကျော်အလုပ် မလုပ်ကြရန် လိုပါ ကြောင်း၊ နေစရာ ထိုင်စရာ မရှိသည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ် အစိုးရများသို့ ချဉ်းကပ် တင်ပြကြစေလိုပါကြောင်း၊ သက်ဆိုင် ရာအစိုးရများက ပြည်သူလူထုများ နေစရာမဲ့ဖြစ်နေပါက မည်သည့်နေစရာရှိအောင် လုပ်ရမည်ကို စီမံကိန်းချမှတ် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ မြို့နယ်အဆင့် တိုးမြှင့်ရေးကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် အခြေခံ မူဝါဒများနှင့် ကိုက်ညီမှ မြို့နယ်အဆင့်ကို တိုးမြှင့်ပေးလို့ရနိုင်ပါကြောင်း ဖြည့်စွက် ပြောကြားသည်။ 
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကား ပြောကြား ရာတွင် မိမိတို့အနေဖြင့် ပြည်သူများနှင့် တွေ့ဆုံပွဲများ ပြုလုပ်သည့် အခါတိုင်း မြေ ကိစ္စများကို ခဏခဏ တင်ပြလာပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေများကို မူလ ပိုင်ရှင်များဆီ ပြန်လည်ပေးရန် ကိစ္စရပ်များကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ရန် မည်သို့ ပြုလုပ်ရမည်ကို စဉ်းစား၍ အစီအစဉ်မှ ချမှတ်နေပါကြောင်း၊ မကြာမီတွင် မြေတိုင်း ဌာနကို မြန်မြန်ဆန်ဆန်နှင့် အထက်ဌာနက တာဝန်များ ပီပြင်အောင် ထမ်းဆောင် နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။ 
ပြည်သူများအနေဖြင့် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးကို မှီတည်နေ ကြသည့်အတွက် လယ်ယာမြေပိုင်ဆိုင်ခွင်သည် အလွန်အရေးကြီးသည်ကို သဘော ပေါက်ပါကြောင်း၊ တောင်သူလယ်သမားများသည်လည်း မိမိတို့တွင်ရှိသည့် မြေကို အားကိုးပြီး ရှင်သန်နေရသည်ကို သဘောပေါက်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ ကိစ္စများကို အမြန်ဆုံး ဖြေရှင်းပေးရန်မှာ အစိုးရ၏ ဦးစားပေးလုပ်ငန်းတစ်ခု အနေ ဖြင့် လုပ်ရမည်ဖြစ်ပါကြောင်း၊ ယခုတင်ပြသွားသည့် ကိစ္စများကိုလည်း မိမိတို့ အားလုံး မှတ်သားသွားမည်ဖြစ်ပါကြောင်း၊ တချို့က အစိုးရ အဖွဲ့ဝင်များ၊ ဗဟိုအစိုးရ အဖွဲ့ဝင်များက ဒီအတိုင်းပဲ ဆုံးဖြတ်၍ရသည်ဟု ထင်ကောင်း ထင်လိမ့်မည် ဖြစ်ပါကြောင်း၊ မည်သည့်ကိစ္စကိုမဆို နှုတ်မိန့်ဖြင့်လုပ်၍မရပါကြောင်း၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေအရ ကိစ္စတစ်ခုချင်းတစ်ခုချင်းကို သေသေချာချာ သုံးသပ်ပြီးမှ လုပ်ရပါကြောင်း၊ ထိုသို့ လုပ်ဆောင်သည့်အခါ ဘက်မလိုက်ပဲ မှန်တယ်ဆိုသည့် ဘက်ကပဲ ရပ်တည်ပါကြောင်း၊ အုပ်ချုပ်ရေး ဘက်ကိုလည်း မလိုက်ပါကြောင်း၊ ပြည်သူများဘက်ကိုလည်း မလိုက်ပါကြောင်း၊ အားလုံးသည် ပြည်သူ ပြည်သားများ ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးယန္တယားထဲတွင် ပါသည့် ပုဂ္ဂိုလ်များအားလုံးသည်လည်း နိုင်ငံသူ နိုင်ငံသားများ ဖြစ်ပါကြောင်း၊ မှန်မှန်ကန်ကန် လုပ်ပေးရန် တောင်းဆိုသည့် ပြည်သူများသည်လည်း နိုင်ငံသူနိုင်ငံသားများဖြစ်ပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ အားလုံးတွင် တန်းတူညီတူ အခွင့်အရေး ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသူနိုင်ငံသားအားလုံး တန်းတူညီတူ အခွင့်အရေး မရှိဘူးဆိုလျှင် တကယ့် တိုးတက်သည့် နိုင်ငံ၊ တကယ့်ခေတ်မီသည့်နိုင်ငံဟု ပြော၍မရပါကြောင်း။ 
တချို့က ခေတ်မီခြင်းကို တိုက်တာကြီးများရှိသည့် နိုင်ငံများကို ခေတ်မီ သည်ဟု ထင်ပါကြောင်း၊ နည်းပညာများ အလွန်တိုးတက်သည့် နိုင်ငံများကို ခေတ်မီ သည်ဟု ထင်ပါကြောင်း၊ သို့သော်လည်း မိမိတို့အမြင်တွင် တကယ့်ခေတ်မီသည် ဆိုသည့် နိုင်ငံမှာ ပြည်သူများကို စိတ်လုံခြုံမှုနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုဆိုသည့် လုံခြုံမှု နှစ်ခုစလုံးကိုပေးနိုင်မှ ခေတ်နှင့်အညီ ပြေးနိုင်သည်ဟု သုံးသပ်ရမည် ဖြစ်ပါကြောင်း၊ လောကကြီးတွင် တစ်ချိန်လုံး ပြောင်းလဲနေပါကြောင်း၊ ပြောင်းလဲ နေသည်နှင့်အမျှ မိမိတို့ လူ့အသိုင်းအ၀ိုင်းများကလည်း လိုက်ပြီး ပြောင်းလဲရပါ ကြောင်း၊ လောကကြီး၏ လိုအပ်ချက်များ၊ လောကကြီးတွင် အခုခေတ်ဖြစ်နေသည့် ပြဿနာများကို မရင်ဆိုင်နိုင်ဘူး၊ မကျော်လွှားနိုင်ဘူး ဆိုလျှင် ခေတ်မီသည်ဟု ခေါ်ဆို၍ မရနိုင်ပါကြောင်း။ 
ထို့ကြောင့် မိမိတို့တွင် ခေတ်မီရန်အတွက် အရေးကြီးဆုံးကိစ္စမှာ တရားဥပဒေ စိုးမိုးရေးပါကြောင်း၊ မိမိအနေဖြင့် အကြိမ်ကြိမ် ထပ်တလဲလဲ ပြောခဲ့ပါကြောင်း၊ တချို့က တရားဥပဒေစိုးမိုးရေးဆိုသည့် ဝေါဟာရကို အင်မတန်မှ ငြီးငွေ့စရာ ကောင်းတယ်ဆိုပြီး စိတ်မ၀င် စားကြပါကြောင်း၊ ထို့ပြင် တရားဥပဒေ၊ စည်းမျဉ်း စည်းကမ်းကိုလည်း စိတ်မ၀င်စားကြပါကြောင်း၊ တရားဥပဒေသည် မိမိတို့အား လုံး တစ်ယောက်ချင်း တစ်ယောက်ချင်း၏ လုံခြုံမှုအတွက် ရှိနေခြင်းဖြစ်ပါကြောင်း။ 
အင်္ဂလိပ်လိုပြောရင် Rule of Law၊ ဥပဒေ၏ စိုးမိုးခြင်းဟု ခေါ်ပါ ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာဝေါဟာရကို ပိုပြီး သာသည်ဟု ယူဆပါကြောင်း။ တရား ဥပဒေစိုးမိုးရေးတွင် တရားသည့်ဥပဒေများ ဖြစ်ပါကြောင်း၊ ဥပဒေဆိုသည်မှာ မတရားသည့် ဥပဒေဆိုတာလည်း ရှိနိုင်ပါကြောင်း၊ ဥပဒေဆိုတာ လူတွေက လုပ်တာဖြစ်ပြီး အလိုလို မိုးပေါ်က ကျလာတာမဟုတ်ပါ ကြောင်း၊ ထို့ကြောင့် တရားသဖြင့် လုပ်ချင်၍ထုတ်ပြန်ထားသည့် ဥပဒေကတော့ တရားဥပဒေ များဖြစ်ပါကြောင်း၊ထို့ကြောင့်နိုင်ငံတစ်နိုင်ငံမှာ ယဉ်ကျေးတဲ့နိုင်ငံ၊ ခေတ်မီတဲ့နိုင်ငံ၊ တိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ရန် တရားတဲ့ဥပဒေများရှိရ မှာဖြစ်ပါကြောင်း။ 
ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်သူ ပြည်သားများ၏ တင်ပြချက်တွေကို အလေးအနက်ထားပါကြောင်း၊ တင်ပြချက်တွေအားလုံးကို မိမိတို့ သေသေချာချာ သုံးသပ်ပါ့မယ်၊ ရွာကလေးကပဲဖြစ်စေ၊ မြို့ကြီးကပဲဖြစ်စေ၊ လုပ်ငန်းရှင်တစ်ယောက် ပဲ ဖြစ်စေ၊ တောင်ယာလုပ်ကိုင်တဲ့ ရိုးရိုးသာမန်လူ တစ်ယောက်ပဲဖြစ်စေ တင်ပြတဲ့ ကိစ္စ တွေကို လေးလေးနက်နက်သေသေချာချာ ကြည့်ပါ့မယ်ဟုပြောလိုကြောင်း၊ ကြည့်ပြီးတရားဥပဒေနှင့် ကိုက်ညီစွာ ဘယ်လိုအမြန်ဆုံး ဖြေရှင်းရမလဲဆိုတာ မိမိတို့ လေ့လာပြီး ပြည်နယ်အစိုးရနှင့် ညှိနှိုင်းပြီး လုပ်ရမည်ဖြစ်ကြောင်း။ 
မိမိတို့ခရီးသွားတိုင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို သတိပေး သည့်အတိုင်း ထပ်မံသတိပေးပါရစေပါကြောင်း၊ ပြည်သူလူထုနှင့် ထိတွေ့မှုဆိုတာ လိုအပ်ပါကြောင်း၊ တစ်ချိန်လုံး ထိတွေနေရန်လိုပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ နင့် အစိုးရပိုင်းဆိုင်ရာတို့မှာ ပြည်သူလူထုနဲ့ ထိတွေ့နေရမှာဖြစ်ပါကြောင်း။ 
ယခု ပြည်နယ်အစိုးရဆိုတာ ပြည်သူလူထုကနေပြီး ရွေးချယ် တင်မြှောက် ထားလို့ ဖြစ်လာသည့်အစိုးရဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ၀န်ထမ်းများ က ပြည်သူကတင်ထားခြင်း မဟုတ်သော်လည်း အစကတည်းက နိုင်ငံ့ဝန်ထမ်း လုပ်သည့်အတွက် နိုင်ငံ့ဝန်ကို ထမ်းချင်သည့်စိတ်နင့် လုပ်ရန်လိုပါကြောင်း၊ လစာ ရ၍လုပ်ခြင်း၊ ဘ၀အသက်မွေးဝမ်းကျောင်းအတွက် လုပ်တာချည်းပဲ သက်သက်ဆို လျှင် ပြည့်ဝပြီး သိက္ခာနှင့်ကိုက်ညီတဲ့ဝန်ထမ်းတစ်ယောက် ဖြစ်နိုင်မှာ မဟုတ်ပါ ကြောင်း၊ မိမိမှာ နိုင်ငံ့ဝန်ထမ်းဖြစ်လာမှတော့ နိုင်ငံ့ဝန်ထမ်းပီသစွာ နေရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း ပီသစွာနေမယ်ဆိုလျှင် ပြည်သူလူထုကလည်း ချစ်ခင် မယ်၊ လေးစားမယ်၊ ပြည်သူလူထု ချစ်ခင်လေးစားသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေဆိုသည်မှာ ဘယ်တော့မှလည်း မငတ်ပါဘူး၊ ဘယ်တော့မှလည်း ဒုက္ခရောက်မှာ မဟုတ်ပါကြောင်း။ 
ပြည်သူလူထုက မချစ်ခင်ဘူး၊ မလေးစားဘူးဆိုလျှင် အခွင့်အရေးရလို့ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ စိတ်ချမ်းသာမှုကတော့ ရမှာမဟုတ်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မဟုတ်မမှန်သည့်နည်းနဲ့ ချမ်းသာသည့်သူများမှာ ဘယ်တော့မှ စိတ်အေးအေးနှင့် နေနိုင်မှာမဟုတ်ပါဘူးဆိုတာ မိမိ ယုံကြည်ပါ ကြောင်း၊ ပြည်သူလူထုကလည်း ဒီအတိုင်း ယုံကြည်မယ်ဟု ထင်ပါကြောင်း၊ ပြည်သူ၊ အစိုးရ၊ အုပ်ချုပ်ရေး ၀န်ထမ်းအားလုံးတာဝန်ရှိပါကြောင်း၊ မိမိတို့အားလုံးမှာ တာဝန်ကို မကြောက်သည့်စိတ်ရှိမှ၊ တာဝန်ကို ရဲရဲ့ဝံ့ဝံ့နင့် ရင်ဆိုင်နိုင်သည့် စိတ်ရှိမှ မိမိတို့နိုင်ငံမှာ တိုးတက်မှာဖြစ်ပါကြောင်း၊ ဒီလိုသတ္တိမျိုးကို မွေးကြပါ၊ နိုင်ငံအတွက် လုပ်ပေးချင်တဲ့စေတနာမျိုး မွေးကြပါ၊ တစ်ဦးနဲ့တစ်ဦးအပေါ်မှာ မေတ္တာထားကြပါ ဟုပြောလိုကြောင်း၊ဒီလို မေတ္တာထားနိုင်မယ်ဆိုလျှင် ဒီကရင်ပြည်နယ်ကြီးမှာ ဘယ်လိုပဲ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ရဲ့ဒဏ်တွေကို ခံခဲ့ရသည်ဖြစ်စေ မကြာမီ ကာအတွင်းမှာ အင်မတန်မှ လုံခြုံပြီးတော့ ချမ်းသာတိုးတက်သည့် ပြည်နယ်တစ်ခု ဖြစ်လာနိုင်မည်ကို မိမိအဓိက ယုံကြည်ပါကြောင်း။ 
နိဂုံးချုပ်အားဖြင့် မိမိအနေဖြင့် ခန်းမအပြင်မှာရှိသည့် ပြည်သူတွေကို တောင်းပန်ပါကြောင်း၊ ဒီလိုခန်းမျိုးက မိမိ တွေ့ဆုံပွဲလုပ်ချင်သည့်ခန်းမမျိုး မဟုတ်ပါ ကြောင်း၊ ပြည်သူနှင့် အလှန်းဝေးနေသလို မိမိ ခံစားရပါကြောင်း၊ ပြည်သူတွေ၏ မျက်နှာကိုလည်း မိမိ မမြင်ရကြောင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက တစ်ခြားစီ၊ ပြည်သူက တစ်ခြားစီ၊ အစိုးရက တစ်ဖက်၊ ပြည်သူက တစ်ဖက်၊ ဆိုသည့်ပုံစံ ကြီးဖြစ်နေ သည့်အခါမိမိတို့လိုချင်သည့် နိုင်ငံတစ်ခု၏ ပုံရိပ်ကို ဖော်ပြသည့်နေရာမှာ အားနည်းနေ သေးတယ်လို့ မိမိထင်ပါကြောင်း၊ နောက်တစ်ခါ ကရင်ပြည်နယ်ကို လာရင်ဒီလိုနေရာမျိုးမှာ တွေ့ဆုံပွဲလုပ်မည့်အစား အပြင်မှာမဏ္ဍပ်ထိုးပြီး ပြည်သူနှင့် တွေ့တာက ပိုပြီးကောင်း မည်ဖြစ်ပါကြောင်းပြောကြားသည်။ 
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသည့် ဒေသခံတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်း ဓာတ်ပုံရိုက်ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်း ရင်းနှီးနှီး နှုတ်ဆက်သည်။ 
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘားအံမြို့ အမှတ်(၆) ရပ်ကွက်ရှိ ဂျပန်ရိုးရာပိုးထည်ယက္ကန်းရုံအတွင်း ပိုးချည်မျှင်၊ ပိုးထည်နှင့် ပိုးထည် ပစ္စည်းများ ထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှုလေ့လာပြီး ယက္ကန်းရုံဝန်ထမ်းများ နှင့် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်သည်။ 
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရသေ့ပျံ သဘာဝရေ လှိုဏ်ဂူသို့ရောက်ရှိပြီး လှိုဏ်ဂူအတွင်း သဘာဝအတိုင်း ဖြစ်ပေါ်နေမှု အခြေအနေ များကို ကြည့်ရှုလေ့လာသည်။ 
ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)သို့ ရောက်ရှိကြရာ ကျောင်းအုပ် ဆရာကြီးက ၀န်ထမ်းအိမ်ရာ၊ ကျောင်းသားအိပ်ဆောင်များ ဆောက်လုပ်နေမှုကို တင်ပြပြီး အလုပ်လာရောက် လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းအလုပ်သမားများက ၎င်း တို့ သားသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ၎င်းတို့၏ အလုပ်အကိုင် အခွင့် အလမ်းဆိုင်ရာ ကိစ္စရပ်များကို တင်ပြကြသည်။ 
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျောင်းနေ အရွယ်ကလေးငယ်တိုင်း ပညာသင်ကြားနိုင်ရေးအတွက် မိဘများက ဆောင်ရွက် ပေး ရမည်ဖြစ်ပါကြောင်း၊ အလုပ်ရှင်ကုမ္ပဏီများကလည်း အလုပ်သမားများ၏ သား သမီးများ ကျောင်းနေနိုင်အောင် ကူညီပေးရန်လိုကြောင်း၊ ကလေးငယ်များကို မိခင် ၀မ်းအတွင်းမှစ၍ အသက် ၂ နှစ်အရွယ်အထိ နိုင်ငံတော်က ထောက်ပံ့ပေးနေပါ ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကလေးငယ်များအတွက် ထောက်ပံ့ ကြေးရရှိအောင် ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ၂ နှစ်အောက်ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင်မိခင် မှတ်ပုံတင်ထားကြရန် လိုကြောင်း၊ ၂ နှစ်အောက် ကလေးငယ်များသည် မိခင်ဝမ်းအတွင်းရှိစဉ်ကတည်းက အာဟာရပြည့်ဝအောင် ကျွေးမွေးမှသာ ဦးနှောက်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးမည်ဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းအလုပ် သမားများ၏ သားသမီးအတွက် ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များကို ဆောင် ရွက်ပေးရန်လိုကြောင်း၊ အလုပ်ပြတ်လပ်မှု အဖြစ်အောင် အလုပ်အကိုင်အခွင့် အလမ်းများကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများက စီမံချက်များ ချမှတ်ဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 
ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇွဲကပင်ခန်းမအတွင်း ကျင်းပသည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ဒေသခံတစ်ဦး၏ ကျေးရွာသို့ အလည်လာရောက်ရန် ဖိတ်ကြားချက်အရ နောင်ကမြိုင်ကျေးရွာသို့ ရုတ်တရက် သွားရောက်ကာ နောင်ကမြိုင်ရွာကြီးကျောင်း ဆရာတော် ဦးသုမန အား ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ 
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နောင်ကမြိုင်ရွာကြီးကျောင်း ၌ ဒေသခံ ကျေးရွာသူ ရွာသားများနှင့်တွေ့ဆုံပြီး ကျေးရွာ၏ ပညာရေး၊ ကျန်းမာ ရေးနှင့် ရွာသူရွာသားများ၏ ပြဿနာကို မေးမြန်းဆွေးနွေးသည်။ 
တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နောင်ကမြိုင်ကျေးရွာ၏ အခြေအနေကို သိရှိနိုင်ရန်၊ ကျေးရွာသားများ၏ ပြဿနာများကို ၀ိုင်းဝန်းဖြေရှင်း ပေးနိုင်ရန်နှင့် တင်ပြလိုသည်များ ရှိပါက တင်ပြနိုင်ရန် လာရောက်ခြင်းဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များကို ကျေးရွာများသို့ ကွင်းဆင်းကြရန် မှာကြား သွားမည်ဖြစ်ပါကြောင်း၊ ကျေးရွာသားများအနေဖြင့် အစိုးရပိုင်းက ဆောင်ရွက်ပေး ရမည့် ကိစ္စရပ်များရှိပါက ပွင့်ပွင့်လင်းတင်း တင်ပြကြစေလိုပါကြောင်း ပြောကြား သည်။ 
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက နောင်ကမြိုင်ကျေးရွာ နှင့်ဆက်သွယ်သည့် ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးရေး၊ ဆေးပေးခန်း အသစ်တည်ဆောက်ပေးရေး၊ အခြေခံပညာအထက်ကျောင်းအတွက်လိုအပ်သည့် အဆောက်အဦများ တည်ဆောက်ပေးရေး၊ သိမ်းဆည်းခံလယ်ယာမြေများ လျော် ကြေးရရှိရေးနှင့် ရေဘုတ်ဆည်တည်ဆောက်မှုကြောင့် စိုက်ပျိုးမရတော့သည့် လယ် ယာမြေများအတွက် ပြန်လည်သုံးသပ်ပေးရန်ကိစ္စရပ်များကို တင်ပြကြရာ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်ကန် ကန် ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းဖြေကြားပြီး မိမိတို့၏ ပြည်သူများကျန်းမာရေးကောင်းရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ ကလေးငယ်များ သည်လည်း ပညာတတ်ရန်အရေးကြီးပါကြောင်း၊ ပြည်သူများ စိတ်လုံလုံခြုံခြုံဖြင့် နေနိုင်ရန် အရေးကြီးပါကြောင်း၊ ကိုယ်လုံခြုံမှလည်း စိတ်လုံခြုံမည်ဖြစ်ပါကြောင်း၊ စိတ်လုံခြုံပြီဆိုရင် အားလုံးပြည့်စုံပြီဟု ပြော၍ ရပါကြောင်း၊ အားလုံး၏လိုအပ်ချက် များကို ဖြည့်ဆည်းပေးရာတွင် တစ်ချိန်တည်းတွင် တစ်ပြိုင်တည်း ဖြည့်ဆည်းပေး၍ မရနိုင်ပါကြောင်း၊ အားလုံးသည် တစ်ဦးနှင်တစ်ဦး ယုံကြည်ကြည်ဖြင့် ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေးကဏ္ဍတွင် အမျိုးသားများ ပိုမို ပါဝင်လာရန် လိုအပ်ပါကြောင်း၊ ကျောင်းဆရာဦးရေသည် အလွန် နည်းပါးနေပါကြောင်း၊ နည်းပညာများ တိုးတက်နေသည့် ခေတ်ကြီးတွင် သင်ယူစရာ အလွန်များပါကြောင်း၊ ထို့ကြောင့် ကျောင်းပညာတတ်မြောက်ရန် ပိုမိုအရေးကြီးလာ ပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာကို အထူးဦးစားပေးပြီး ဆောင်ရွက်နေပါ ကြောင်း ပြောကြားသည်။ 
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မော်တော်ယာဉ်များဖြင့် ဘားအံကမ်းနားလမ်းသို့ ရောက်ရှိပြီး ကမ်းနားလမ်း သန့်ရှင်းသာယာလှပေးရေးနှင့် တည်ဆောက်ထားမှု အခြေအနေကို ကြည့်ရှုသည်။ 









Source - Myanmar State Counsellor Office
Popular News Journal 

0 comments:

Post a Comment