Tuesday, March 5, 2019

ရဲဝန်ထမ်းများ၏ ပြန်ပေးဆွဲခံရပြီး သေဆုံးခဲ့သည့် လူငယ် ၅ ဦးကိစ္စ မက္ကဆီကိုအစိုးရ တောင်းပန်


မက္ကဆီကို ရဲဝန်ထမ်းတွေဟာ လူငယ်ငါးဦးကို ပြန်ပေးဆွဲပြီး ရက်စက်တဲ့ မူးယစ်ဂိုဏ်းဆီ လွှဲပေးခဲ့တာကြောင့် အဲဒီလူငယ်တွေ သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး မက္ကဆီကိုအစိုးရ တာဝန်ရှိသူတွေက မတ်လ ၃ ရက်နေ့မှာ တောင်းပန်ခဲ့ပါတယ်။ 
အမျိုးသားလေးဦးနဲ့ အမျိုးသမီးတဦး ပျောက်သွားခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက ပထမဆုံး အနေနဲ့ အစိုးရက တောင်းပန်တာပါလို့ ကျန်ရစ်သူမိသားစုတွေက ပြောပါတယ်။ 

လွန်ခဲ့တဲ့သုံးနှစ်က ဗယ်ရာခရုဇ်မြို့မှာ အဲဒီလူငယ် ငါးဦးဟာ အိမ်ပြန်လာတဲ့လမ်းမှာ ဒေသခံရဲတပ်ဖွဲ့ရဲ့ စစ်ဆေးတာ ခံခဲ့ရပါတယ်။ 

ရဲဝန်ထမ်းတွေက သူတို့ကို မူးယစ်ဂိုဏ်းနဲ့ ပတ်သက်တယ်လို့ ယူဆပြီး ဆိုးရွားရက်စက်တဲ့ ဂျာလီစကို မျိုးဆက်သစ်မူးယစ်ဂိုဏ်း (Jalisco New Generation) ဆီကို ပို့ခဲ့တာပါ။ 

အဲဒီနောက်မှာတော့ အပြစ်မဲ့ လူငယ်ငါးဦးစလုံး အသတ်ခံခဲ့ရပြီး သူတို့ရဲ့ အလောင်းတွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ 

အဲဒီအမှုနဲ့ပတ်သက်တဲ့ သံသယရှိသူ ၂၁ ဦးအနက် ရဲဝန်ထမ်း ရှစ်ဦးကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးတာတွေ ပြန်လုပ်သွားမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထဲရေးဒုဝန်ကြီးက ကတိပြု ပြောခဲ့ပါတယ်။ 

မက္ကဆီကိုနိုင်ငံမှာ ရာဇဝတ်မူးယစ်ဂိုဏ်းတွေအကြား သွေးထွက်သံယို ပဋိပက္ခတွေ အရှိန်မြင့်လာတာကြောင့် လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း လူပေါင်း ၄ သောင်းလောက် ပျောက်ဆုံးခဲ့ပြီး အမည်မသိ အရိုးစုတွေ ၂ သောင်း ၆ ထောင်ကျော်ကိုလည်း တူးဖော်တွေ့ရှိခဲ့တယ်လို့ အစိုးရ အချက်အလက်တွေက ဖော်ပြပါတယ်။

DVB

0 comments:

Post a Comment