ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘုရားကြီးကျေးရွာ အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပျောက်ဆုံးနေသူ ဦးမောင်စိန်လှ (၆၄) နှစ်ကို မြောက်ဦးရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု ဇနီးဖြစ်သူက ပြောသည်။
ဇနီးဖြစ်သူ ဒေါ်ငွေယဉ်ဖြူက “ မနေ့က မွန်းလွဲ ၂ နာရီခွဲမှာ ကျောက်တော် ရဲစခန်းကို သွားပါတယ်။ ကျောက်တော်ရဲစခန်းက မြောက်ဦးကို လွဲလိုက်ပြီလို့ ပြောပါတယ်။ ကျွန်မ ယောင်္ကျားကို စစ်တပ်က ဖမ်းခေါ်သွားပြီး ကျောက်တော်ရဲစခန်းမှာ ထားခဲ့တယ်လို့ ပြောပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။
မတ်လ ၁၄ ရက် နေ့လယ် ၁၂ နာရီ ကျော်တွင် ဘုရားကြီးနှင့် ဝေသာလီကျေးရွာအကြား တစ်ပင်တိုင်လမ်းဆုံတွင် စစ်ကားတန်းတစ်ခု မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
“ သူကဟင်းရှာဖို့သွားရင်း ပျောက်သွားတာပါ။ နေ့လယ် ၁၂ နာရီကျော်လောက်မှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲပြီးကတည်းက ရွာကို ပြန်မရောက်လာတော့ဘူး။ အခုတော့ မြောက်ဦးရဲစခန်းမှာ ရှိတယ်လို့ ကြားရတဲ့အတွက် မိသားစုတွေ တွေ့ဖို့ လိုက်သွားကြပါတယ်။ ရှိတာတော့မှန်ပါတယ်။ ဒါပေမယ့် မတွေ့ရသေးပါဘူး” ဟု ဒေါ်ငွေယဉ်ဖြူက ပြောကြားသည်။
နံနက် ၁၁ နာရီ ခွဲထိ ဦးမောင်စိန်လှကို တွေ့ခွင့်မရသေးကြောင်း၊ တွေ့ခွင့် မပေးဟုလည်း ကြားသိရ၍ စိုးရိမ်မိကြောင်း ဆက်လက် ပြောဆိုသည်။
Narinjara







0 comments:
Post a Comment