Sunday, March 17, 2019

ထိုင်းမီးခိုးငွေ့များကြောင့် တာချီလိတ်တွင် လေထုညစ်ညမ်းမှု အနီရောင်အဆင့်ရောက်ရှိ


တာချီလိတ်ခရိုင်နဲ့ ထိစပ်နေတဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက် တောင်ယာ မီးရှို့ရာကနေ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းမှုကိန်းညွှန်းဟာ အနီရောင်အဆင့် ဖြစ်နေပြီလို့ မြန်မာအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ 
ထိုင်း-မြန်မာ နယ်စပ်တလျှောက် လေထုညစ်ညမ်းမှုဟာ အခုရက်ပိုင်းအတွင်း တိုင်းတာချက်အရ သတ်မှတ်ချက်ထက်ကျော်လွန်ကာ အနီရောင်အဆင့်အထိ ရောက်ရှိနေတာပါ။ 

ဒါကြောင့် ဒေသခံတွေကို နှာခေါင်းစည်းနဲ့ မျက်မှန်တွေတပ်ဆင်ပြီး အပြင်ထွက်ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနဲ့ တာချီလိတ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ 

သတ်မှတ်ချက်ထက် လေထုညစ်ညမ်းမှုညွန်းကိန်း မြင့်တက်နေပေမယ့် လေထုအတွင်း အဆိပ်ဓါတ်ငွေ့ပါဝင်မှုကတော့ ပုံမှန်အနေအထားမှာပဲ ရှိသေးတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်လေးက ပြောပါတယ်။ 

တာချီလိတ်ခရိုင်နဲ့ ထိုင်းနိုင်ငံချင်းရိုင်ခရိုင်အတွင်း လေထုညစ်ညမ်းမှုဟာ နှစ်စဉ်နှစ်တိုင်း မတ်လနဲ့ ဧပြီလအတွင်း တောင်ယာမီးရှို့တာနဲ့ တောမီးလောင်ကျွမ်းတာကြောင့် ဖြစ်ပေါ်လေ့ ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်အတွင်း လေထုညစ်ညမ်းမှု ကိန်းညွှန်းဟာ အနီရောင်အဆင့်ထိ ဖြစ်ပေါ်လာပြီး ရက်ရှည်ကြာ မီးခိုးငွေ့တွေ ဖုံးလွှမ်တာနဲ့ ကြုံတွေ့နေရတာပါ။ 

နှစ်နိုင်ငံနယ်စပ်တလျှောက် လေထုညစ်ညမ်းမှုစေတဲ့ မီးခိုးငွေ့တွေဟာ ထိုင်းနိုင်ငံက အများဆုံးထွက်ပေါ်တာဖြစ်ပြီး လေထုညစ်ညမ်းမှု လျှော့ချနိုင်အောင် နှစ်နိုင်ငံ ဆွေးနွေး လုပ်ဆောင်နေတယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။ 

လက်ရှိမှာ လေထုညစ်ညမ်းမှုသက်သာဖို့အတွက် ရပ်ကွက်အတွင်း မီးသတ်ယာဉ်တွေနဲ့ ရေငွေ့ဖြန်းတဲ့လုပ်ငန်းတွေအပြင် ကျန်းမာရေးအသိပညာပေးတာနဲ့ နှာခေါင်းစည်းတွေကိုလည်း သက်ဆိုင်ရာက ဝေငှပေးနေပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ထုတ်ပြန်ချက်အရ လေထုညစ်ညမ်းမှု အညွှန်းကိန်းဟာ (၃၁၈) အထိ ရောက်ရှိနေပြီး မြန်မာနိုင်ငံရဲ့ တိုင်းတာချက်မှာတော့ (၃၀၂) ရှိပါတယ်။ 

ကိုဇက်
DVB

0 comments:

Post a Comment