စစ်ကိုင်းတိုင်းဒေသကြီး၌ ယခင်က သဘာဝနယ်မြေအဖြစ် ငါးခုတည်ရှိနေကြောင်း ဆက်လက်၍ သဘာဝနယ်မြေအသစ်ငါးခု တိုးချဲ့ရန်အတွက်ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီးသစ်တောဦးစီးဌာနရုံးမှ တိုင်းညွှန်ကြားရေးမှုးဦးသန်းစိုး၏ ပြောကြားချက်အရ သိရသည်။
တိုင်းဒေသကြီးအတွင်း အသစ်တိုးချဲ့မည့် သဘာဝနယ်မြေငါးခုသည် ဆောင်ရွက်နေဆဲကာလနှင့်အချို့သဘာဝနယ်မြေများသည် ပြီးစီးလုနီးပါးဖြစ်နေကြောင်း အသစ်တိုးချဲ့မည့်သဘာဝနယ်မြေငါးခု ပြီးစီးသွားပါက စစ်ကိုင်းတိုင်းဒေသကြီး၌ သဘာဝနယ်မြေအဖြစ် ၁၀ ခုတည်ရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“လက်ရှိအနေနဲ့တော့ သဘာဝနယ်မြေငါးခုရှိပါတယ်။ နောက်ထပ် သဘာဝနယ်မြေ ငါးခုတိုးချဲ့ဖို့ရာအတွက် ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်နေဆဲကာလပေါ့နော်။အချို့လည်းပြီးကာနီးပါပြီ။ အခုဆောင်ရွက် နေတဲ့ သဘာဝနယ်မြေတွေပါရင် ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ သဘာဝနယ်မြေ စုစုပေါင်း ၁၀ ခုဖြစ်သွားမှာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံးမှ တိုင်းဒေသကြီး သစ်တောညွှန်ကြားရေး မှူးဦးသန်းစိုးက ပြောကြားသည်။
ယခင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝနယ်မြေငါးခုတည်ရှိကြောင်း အဆိုပါ သဘာဝနယ်မြေငါးခုသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အစပ်မှာ တည်ရှိသည့် ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့ကာကွယ်တော၊ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသရှိ ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့ကာကွယ်တော၊ ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပ တောရိုင်းတိရစ္ဆာန် ဘေးမဲ့ကာကွယ်တော၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ မင်းဝံတောင်တန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့ကာကွယ်တောနှင့် ကန့်ဘလူခရိုင်အတွင်းရှိ ချပ်သင်းရွှေ သမင်တိရစ္ဆာန် ဘေးမဲ့ကာကွယ်တောတို့ဖြစ်ကြောင်း သိရသည်။
ယခု စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝနယ်မြေအသစ်အဖြစ် တိုးချဲ့မည့် ငါးခုမှာ ဗန်းမောက်မြို့နယ်အတွင်းရှိ ဇလုံတောင်ဧရိယာ၊ မဟာမြိုင်တောရိုင်းတိရစ္ဆာန် ဘေးမဲ့ကာကွယ်တော၊ ကန့်ဘလူခရိုင်အတွင်းရှိ လင်းနို့ဂူ၊ ဝက်လက်မြို့နယ်အတွင်းရှိ ရှိန်းမခါး တိရစ္ဆာန် ဘေးမဲ့ကာကွယ်တောနှင့် မုံရွာမြို့နယ်အတွင်းရှိ ဗောဓိတစ်ထောင်နယ်မြေတို့ဖြစ်ကြောင်း သိရသည်။
Eleven Media Group
0 comments:
Post a Comment