မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်၌ တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀၀၀ ရရှိရန် ရည်မှန်းထားကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေကပြောကြားသည်။
“၂၀၂ဝခုနှစ်မှာ ကမ္ဘာ့ဘဏ်ရဲ့စီးပွားရေးလုပ်ငန်းဆောင်ရွက်မှု အဆင့်သတ်မှတ်ချက်အရ မြန်မာနိုင်ငံကို အဆင့် ၁၀၀ အတွင်းရောက်ရှိစေရန်နဲ့ ၂၀၃၀ ခုနှစ်တွင် တစ်ဦးချင်း ဝင်ငွေအမေရိကန်ဒေါ်လာ ၃၀၀၀ ရရှိရန် ရည်မှန်းထားပါတယ်” ဟု ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (MIPP) ကို ထုတ်ပြန်ထားပြီး လာမည့်နှစ် ၂၀ အတွင်း အရည်အသွေးပြည့်ဝပြီး တာဝန်သိရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ကျော်အထိ ဝင်ရောက်ရန်နှင့် ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့် နိုင်ငံဖြစ်လာစေရန် ရည်မှန်းထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၂၈ရက်တွင် နေပြည်တော်ရှိ MICC 2 တွင် ကျင်းပသည့် Invest Myanmar Summit 2019 ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁အထိ)၊ ကာလလတ်ငါးနှစ် (၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၅-၂၀၁၆ အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆အထိ) အသီးသီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ နှင့် ပူးပေါင်း၍ ၂၀၁၃ ခုနှစ်တွင် ကာလရှည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို ရေးဆွဲခဲ့ပြီး ယခုနှစ်မှစတင် အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။
အဆိုပါကာလရှည်နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းကို ပြောင်းလဲလာသည့်အစိုးရ ၏မူဝါဒအခြေအနေများ နှင့် ကိုက်ညီစေရန်နှင့် လိုက်လျောညီထွေမှုရှိစေရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးစီမံကိန်းအဖြစ် MIC နှင့် JICA တို့ ပူးပေါင်းကာ အနာဂတ်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ထပ်မံပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုစီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှု ဦးတည်ချက်များမှာ ကာလတိုငါးနှစ်ဖြစ်သည့်၂၀၁၆-၂၀၁ရခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိ နှစ်စဉ်ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ၊ ကာလလတ်ငါးနှစ်ဖြစ်သည့် ၂၀၂၁ -၂၀၂၂ ခုနှစ်မှ ၂၀၂၅-၂၀၁၆ ခုနှစ်အထိ နှစ်စဉ်ဒေါ်လာ ၈ ဒသမ ၅ဘီလျံ၊ ၂၀၂၆ -၂၀၂၇ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလျံ၊ ၂၀၃၁-၂၀၃၂ မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ် ဒေါ်လာ ၁၇ ဒသမ ၆ဘီလျံရရှိ ရန် အသီးသီးခန့်မှန်းထားကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment