မေခမြစ်နှင့် ငေါ့ချမ်းခမြစ်ပေါ်တွင် တည်ဆောက်မည့် ဆည်စီမံကိန်းရှစ်ခုကို ဒေသခံများက နိုင်ငံတကာ မြစ်ချောင်းများနေ့ (မတ် ၁၄ ရက်) က ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ယင်းကန့်ကွက်ဆန္ဒဖော်ထုတ်မှုကို ချီဖွေမြို့အနီး မေခမြစ်ဘေးချောင်းဆုံတွင် ကျင်းပခဲ့ပြီး ဒေသခံများ၊ လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းထုတ်ပြန်ချက်တွင် မေခနှင့် ငေါ့ချမ်းခ မြစ်ပေါ်တွင် တည်ဆောက်မည့် စီမံကိန်းရှစ်ခုကို ရေအားလျှပ်စစ် အကောင်အထည်ဖော်ဆောင်ရေး ဦးစီးဌာန၊ International Energy Cooperation YEIG and Development Co.ltd (YEIG) နှင့် International Group of Entrepreneurs Co,ltd (IGOEC) တို့မှ အကောင်အထည်ဖော်နေခြင်းကို ရပ်တန့်ရန် တောင်းဆိုကြောင်း၊ စီမံကိန်းနေရာများတွင် လဝေါ်၊ လာချိဒ်၊ ငေါ့ချန်း၊ လီဆူတိုင်းရင်း ကျေးရွာများ ၆၀ ကျော်နှင့် လူဦးရေ သုံးသောင်းကျော် နေထိုင်ပါကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ ကျော်ကတည်းက တည်ရှိခဲ့သည့် လှေကားထစ်ပုံ လယ်များလည်း ရှိနေပါကြောင်း၊ ယင်းမြစ်ချောင်း အင်းအိုင်များ၏ မူလပိုင်ရှင်သည် ဌာနေတိုင်းရင်းသားများ ဖြစ်ပါကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ပါက ဌာနေတိုင်းရင်းသားတို့၏ အသက်မွေးဝမ်းကျောင်း ထိခိုက်ခြင်း၊ ကုန်းနေရေနေ သတ္တဝါများ ပျောက်ကွယ်ခြင်း၊ အတင်းအဓမ္မရွှေ့ပြောင်းခြင်းများ၊ လယ်ယာမြေဆုံးရှုံးမှုများ မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်ပါကြောင်း၊ သဘာဝ သယံဇာတ အရင်းအမြစ်ကြောင့် အကျင့်ပျက်ခြစားမှုများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများသည် ပြည်တွင်းစစ် ပဋိပက္ခကို ပိုမိုဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် စီမံကိန်းရှစ်ခုကို ရပ်ဆိုင်းပေးပါရန် အစိုးရနှင့် သက်ဆိုင်ရာ ကုမ္ပဏီ အသီးသီးကို တောင်းဆိုပါကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
မေခမြစ်ပေါ်တွင် တည်ဆောက်မည့် ဝူဆောက်၊ ခေါင်လန်ဖူး၊ ရဲ့နန်၊ ဖီဇော်ဆည် စီမံကိန်းများမှာ မြစ်ဆုံဆည်စီမံကိန်းနှင့် ပူးပေါင်းပါဝင်ခဲ့သည့်ဆည်များဖြစ်သည်။
ငေါ့ချမ်းခမြစ်ပေါ်တွင် တည်ဆောက်မည့် ဆည်များမှာ လောင်းဒင် (၆၀၀ မီဂါဝပ်)၊ ထုံရှင်းချောင် (၃၄၀ မီဂါဝပ်) ၊ခန်တန်း(၁၄၀ မီဂါဝပ်)၊ ဂေါလန် (၁၂၀ မီဂါဝပ်) တို့ဖြစ်ကြောင်း သိရသည်။
ငေါ့ချမ်းခ မြစ်ပေါ်တွင် တည်ဆောက်မည့် ဆည်များနှင့် ပတ်သက်ပြီး စီမံကိန်း အကောင်အထည် ဖော်မည်သူများမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ YEIG International Energy Development Co.ltd မြန်မာနိုင်ငံသားပိုင် International Group of Entrepreneurs Co,ltd (IGOEC) ဖြစ်ကာ အကောင်အထည်ဖော်မည့် ပုံစံမှာအကျိုးတူ JV/BOT စနစ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
ငေါ့ချမ်းခမြစ်ပေါ်တွင် တည်ဆောက်မည့် ဆည်လေးခုအတွက် ကုမ္ပဏီနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနများနှင့် ဆောက်ရွက်ချက်များနှင့် ပတ်သက်ပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် လည်းကောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် သဘောတူညီမှု စာချွန်လွှာကို ၂၀၁ဝပြည့်နှစ် ဇူလိုင်လ ၂၃ ရက်တွင်လည်းကောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် သဘောတူညီမှု စာချွန်လွှာ နောက်ဆက်တွဲကို ၂၀၁၄ ခုနှစ် ဧပြီ ၂၄ ရက်တွင် လည်းကောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနှင့် ဖက်စပ်သဘောတူစာချုပ် Joint Venture Agreement (JVA) (ထုံရှင်း ချောင်နှင့် ဂေါလန်စီမံကိန်းများ) လက်မှတ်ရေးထိုးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စီမံကိန်းမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံသို့ ရောင်းချမည်ဖြစ်ပြီး နိုင်ငံတော်မှရရှိမည့် အကျိုးအမြတ်မှာ ရင်းနှီးမြှုပ်နှံသူက နိုင်ငံတော်သို့ပေးမည့် အကျိုးအမြတ်များ အနေဖြင့် အခမဲ့ အစုရှယ်ယာ ၁၅ ရာခိုင်နှုန်း၊ အခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသူက နိုင်ငံတော်သို့ပေးမည့် အခွန်အခများ ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်း၊ ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း၊ အမြတ်ခွန် ၁၅ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသူများက နှစ်စဉ်ရရှိသည့် အကျိုးအမြတ်များဘက်မှ ဒေသခံပြည်သူများအတွက် လူမှုစီးပွားဘဝ၊ တာဝန်ယူမှုဆိုင်ရာ ရန်ပုံငွေအဖြစ် တစ်ရာခိုင်နှုန်းကို ထားရှိသွားမည်ဖြစ်ကြောင်း ငေါ်ချမ်းခ ရေအားလျှပ်စစ် စီမံကိန်း အစီရင်ခံစာအရ သိရသည်။
ငေါ့ချမ်းခ ရေအားလျှပ်စစ် စီမံကိန်းအဖွဲ့နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့သည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် တွေ့ဆုံခဲ့ပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများမှာ ဆည်စီမံကိန်း အကျိုးအမြတ်နှင့် ပွင့်လင်းမြင်သာမှု မရှိနေသေးသည့် အခြေအနေအများအတွက် လက်မခံသည့် အနေအထားများဖြစ်ကြောင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆိုပါသည်။
ငေါ့ချမ်းခ ရေအားလျှပ်စစ် စီမံကိန်းသည် မေခမြစ်၏ အကြီးဆုံးမြစ်လက်ဖြစ်သည့် ငေါ့ချမ်းခမြစ်ပေါ်တွင် တည်ရှိပြီး မြစ်ကြီးနားမြို့နှင့် ၁၂၅ မိုင်ခန့် ကွာဝေးကြောင်း၊ မေခနှင့် ငေါ့ချမ်းခမြစ်ပေါ်တွင် တည်ဆောက်မည့် ဆည်ပေါင်းရှစ်ခုအတွက် ဒေသခံပြည်သူများက ယခင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၆ ခုနှစ်များတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ လိပ်မူကာ ကန့်ကွက်စာများ ပေးပို့ခဲ့ကြောင်း သိရသည်။
Eleven Media Group






0 comments:
Post a Comment