၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် တစ်နိုင်ငံလုံး အိမ်ထောင်စုအားလုံး၏ ရာခိုင်နှုန်း ၅၀ ကျော်ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိတော့မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မတ် ၁၆ ရက်က မြင်းခြံမြို့နယ် မြင်းခြံသံမဏိစက်ရုံ အနီးရှိ ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၇၇ သန်းရှိပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာအထိ အိမ်ထောင်စုပေါင်း ၄ ဒသမ ၇၀၉ သန်း (၄၃ ရာခိုင်နှုန်း) ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီးဖြစ်ရာ ၆ ဒသမ ၁၆၈ သန်း ၅၇ ရာခိုင်နှုန်းခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိနေပါတယ်။ ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ပြည်ပချေးငွေရယူခြင်း အပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရဘဏ္ဍာ ရန်ပုံငွေများ သုံးစွဲပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် တစ်နိုင်ငံလုံး အိမ်ထောင်စု အားလုံး၏ ရာခိုင်နှုန်း ၅၀ ကျော်ခန့်ကို ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိတော့မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် လက်ရှိဓာတ်အားစနစ်တွင် အမြင့်ဆုံးဓာတ်အား သုံးစွဲမှုမှာ ၃၄၈၃ မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၂၈ ရုံမှ ၂၄၀၀ မဂ္ဂါဝပ်နှင့် သဘာဝဓာတ်ငွေ့ အပါအဝင် အပူစွမ်းအင်သုံး စက်ရုံ ၁၆ ရုံမှ ၁၀၈၃ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
“လက်ရှိအနေအထားအရ မြန်မာနိုင်ငံတွင် နှစ်စဉ်ဓာတ်အားတိုးတက် သုံးစွဲမှုမှာ ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲလာတဲ့အတွက် နှစ်အလိုက် ဓာတ်အားလိုအပ်ချက်မှာ၂၀၂၀-၂၀၂၁ ခုနှစ်မှာ ၄,၅၃၁ မဂ္ဂါဝပ်ခန့် တိုးတက်သုံးစွဲလာမယ်လို့ ခန့်မှန်းရတဲ့အတွက် စုစုပေါင်း ၂,၇၅၇ မဂ္ဂါဝပ်ကို ထပ်မံတိုးတက် ထုတ်လုပ်ပေးနိုင်ရေး လျာထားဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
အဆိုပါ ဓာတ်အားထုတ်လုပ်မှုများမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သ ဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တို့အပြင် ၂၀၂၀ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းလာမည် ဖြစ်သည့်အတွက် LNG ဓာတ်ငွေ့သုံး စက်ရုံများဖြင့် စုစုပေါင်း ၃၀၀၀ မဂ္ဂါဝပ်ခန့်ကိုလည်း တည်ဆောက်၍ ဓာတ်အားတိုးတက် ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ခုနှစ်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးသုံးစွဲနိုင်မှုဦးရေ (Electricfication Ration) အား ရာနှုန်းပြည့် သုံးစွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မီးသုံးစွဲနိုင်မှု ဦးရေ (Electricfication Ration) အား တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက် ရှိနေသကဲ့သို့ ဓာတ်အားစနစ်မှ မီးရရှိသုံးစွဲနေသည့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေး၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေး လျှပ်စစ်လျော့နည်း ပျောက်ဆုံးမှု လျှော့ချစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ ဗို့အားပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ရေးတို့ အတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
Eleven Media Group







0 comments:
Post a Comment