Friday, March 8, 2019

၂၀၂၀ ရွေးကောက်ပွဲအတွက် တိကျမှန်ကန်သည့် မဲစာရင်းဖြစ်ရမည်ဟု သန္နိဋ္ဌာန်ချထားကြောင်း ကော်မရှင်ပြော

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ၂၀၁၉ ကို မဲစာရင်းပြုစုရေးနှစ်အဖြစ်သတ်မှတ်ထားပြီး တိကျမှန်ကန်သည့်မဲစာရင်း ဖြစ်ရမည်ဟု သန္နိဋ္ဌာန်ချထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ယမန်နေ့တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ လာရောက်ရှင်းလင်းပြောကြားသည်။

အုတ်တွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက ကော်မရှင်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးမည့်သူများ၏ စာရင်းအတိအကျဖြစ်စေရေး မည်သို့ဆောင်ရွက်နေသည်ကို သိလိုကြောင်း မေးမြန်းသည့်အပေါ် ဦးမြင့်နိုင်က ၂၀၂၀ ရွေးကောက်ပွဲအတွက် ရေးဆွဲထားသည့် မဟာဗျူဟာစီမံကိန်းပါ မဲစာရင်းပြုစုရေးအပိုင်းကို ရှင်းလင်းပြောကြားသည်။
၂၀၁၉ ကို မဲစာရင်းပြုစုရေး နှစ်အဖြစ်သတ်မှတ်ထားကြောင်း၊ ၂၀၂၀ တွင် အသက်(၁၈)နှစ်ပြည့်မည့်သူ ငါးသန်းခန့်တိုးလာမည်ဟု မျှော်မှန်းထားကြောင်း ပြောကြားသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ဦးရေ၃၃ သန်းကျော်ရှိရာ စုစုပေါင်း မဲပေးခွင့်ရှိသူ ၃၈ သန်းခန့်ဖြစ်လာ မည်ဖြစ်သည်။
‘‘၂၀၁၉ နှစ်ကုန်မှာ မဲစာရင်းပြုစုပြီးတဲ့အခါမှာ မဲစာရင်းပြုစုပြီးတဲ့ စီဒီချပ်ခွေတွေကို သက်ဆိုင်ရာနိုင်ငံရေးပါတီတွေကို ပေးအပ်သွားဖို့ စီစဉ်ထားရှိပါတယ်။ နိုင်ငံရေးပါတီများက ကျွန်တော်တို့ပေးလိုက်တဲ့ စီဒီချပ်မှာပါတဲ့ မဲစာရင်းတွေကို စစ်ဆေးပြီးတော့မှ ထောက်ခံချက်နဲ့ တင်ပြလာရင် ထည့်သင့်၊ မသင့်စိစစ်ပြီး မှန်ကန်တယ်ဆို ထည့်သွင်းပေးသွားပါမယ်’’ဟု ဦးမြင့်နိုင်က ဆိုသည်။
မဲစာရင်းပြုစုပြီးပါက မဲစာရင်းကပ်ခြင်းကို ၂၀၂၀ တွင် နှစ်ကြိမ်ပြုလုပ်မည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်စာရင်းကြေညာပြီးပါက ကိုယ်စားလှယ်လောင်းများ၎င်းတို့ မဲဆန္ဒနယ်တွင် သွားရောက်စည်းရုံးရာ၌ မဲဆန္ဒရှင်စာရင်း စိစစ်နိုင်ရန် မဲစာရင်းပြုစုထားသည့် စီဒီချပ်ကို ပေးဝေမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
‘‘အဲဒီအခါမှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက စိစစ်ပြီးတော့ ထောက်ခံတင်ပြလာရင်လည်း ကျွန်တော်တို့က စိစစ်ပြီးတော့ ထည့်သွင်းဆောင်ရွက်မှုတွေ ပြုသွားမှာဖြစ်ပါတယ်’’ဟု ဦးမြင့်နိုင် က ပြောသည်။
၂၀၂၀ တွင် မဲစာရင်းနှစ်ကြိမ်ကပ်ရာ၌ သက်ဆိုင်ရာမဲဆန္ဒ ရှင်များက လာရောက်ကြည့်ရှုပြီး ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ တောင်းဆိုခြင်းများ ပြုလုပ်နိုင်သည်ဟု ၎င်းက ဆိုသည်။
‘‘ဒီလိုပြုလုပ်ခြင်းအားဖြင့် ကိုယ်စားလှယ်တော်ကြီး မျှော်မှန်းထားတဲ့အတိုင်း ပိုမိုတိကျမှန်ကန်တဲ့ မဲစာရင်းဖြစ်လာမယ်လို့ယူဆပါတယ်။ ပွင့်လင်းမှုလည်း ကျွန်တော်တို့ရှိမှာဖြစ်ပါတယ်’’ ဟု ဦးမြင့်နိုင်ကပြောသည်။
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် မဲရုံတိုင်းလိုလို မဲမပေးရသူများရှိကြောင်း မေးခွန်းရှင် ဒေါ်ချိုချိုက ဆက်စပ်မေးခွန်းတွင်ဆွေးနွေးသည်။ ‘‘မဲပေးနိုင်ခွင့် အခွင့်အရေးဆုံးရှုံးတာတွေဟာ ၂၀၂၀ မှာ လုံးဝမဖြစ်သင့်တော့တဲ့ အနေအထားတွေဖြစ်ပါတယ်’’ဟုဒေါ်ချိုချိုကပြောသည်။
ယင်းနှင့်ပတ်သက်ပြီး ဦးမြင့်နိုင်က ‘‘၂၀၂၀ မှာတော့ တကယ့်ကိုတိကျတဲ့ မှန်ကန်တဲ့မဲစာရင်းဖြစ်ကိုဖြစ်ရမယ်လို့ ကျွန်တော်တို့ သန္နိဋ္ဌာန်ချထားပါတယ်’’ဟု ပြောသည်။
ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ရှစ်ဦးခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်း ပေးပို့ထားခြင်းနှင့်ပတ်သက်ပြီး ဦးမြင့်နိုင်က ‘‘ခါတိုင်း ရွေးကောက်ပွဲတုန်းကလည်း ဒီလိုပါပဲ၊ နီးရင်ထပ်တိုးတယ်လေ’’ဟု ဖြည့်စွက်ရှင်းလင်းသည်။ ကော်မရှင်အဖွဲ့ဝင်တွေကို မဲစာရင်းပြုစုခြင်း၊ အသိပညာပေးခြင်းအပါအဝင် အပိုင်းလိုက်တာဝန်ခွဲဝေမှုများပြုလုပ်မည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစီက တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ခွဲဝေပြီး မဲစာရင်းမှန်ကန်ရေးအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ အဆင်ပြေစေရေး သေချာကြပ်မတ်ဆောင်ရွက်မည်ဟု ရှင်းပြသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပမည့် ကာလကို ၂၀၁၀၊ ၂၀ ၁၅ ရွေးကောက်ပွဲများ ကျင်းပသော ကာလများအတိုင်းသတ်မှတ်နိုင်မည်ဟုခန့်မှန်း၍ရကြောင်း ဦးမြင့်နိုင်က ပြောသည်။ ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်တွင် ကျင်းပပြီး ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည်။

7Day News Journal

0 comments:

Post a Comment